ဒုက္ခသည်အကူအညီပိတ်ဆို့တာ စစ်ရာဇဝတ်မှုမြောက်နိုင်ကြောင်း လူ့အခွင့်အရေးအဖွဲ့တွေပြော


2018.08.30
fortify-rights-622 Fortify Rights လူ့အခွင့်အရေးအဖွဲ့က ထုတ်ပြန်သည့် ကချင်ပြည်နယ်ရှိ စစ်ပြေးဒုက္ခသည်အရေး အစီရင်ခံစာနှင့် ပတ်သက်ပြီး ၂ဝ၁၈ ခုနှစ် သြဂုတ်လ ၃ဝ ရက်နေ့က ရန်ကုန်မြို့တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်စဉ်။
(Photo: AP)

မြန်မာအာဏာပိုင်တွေဟာ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်အတွင်း တိုက်ပွဲဖြစ်ရာနယ်မြေက စစ်ပြေးဒုက္ခသည်တွေ ဆီကို ပို့မယ့် အထောက်အပံ့ပစ္စည်းတွေကို တားဆီးပိတ်ဆို့နေတဲ့ လုပ်ရပ်တွေဟာ စစ်ရာဇဝတ်မှု မြောက်နိုင်တယ် လို့ Fortify Rights လူ့အခွင့်အရေးအဖွဲ့က ဒီကနေ့ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

ကချင်ပြည်နယ်မှာ KIA နဲ့ မြန်မာစစ်တပ်အကြား ၂ဝ၁၁ ခုနှစ်က ပြန်လည်စတင်ခဲ့တဲ့ တကျော့ပြန် စစ်ပွဲတွေကြောင့် ကချင်ပြည်နယ်အတွင်းမှာ သိန်းနဲ့ချီတဲ့ဒေသခံတွေ နေရပ်စွန့်ခွာ ထွက်ပြေးနေရပြီး တရုတ်-မြန်မာနယ်စပ်က ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေရတာ ဖြစ်ပါတယ်။

အဲဒီလူတွေအားလုံးအတွက် နိုင်ငံတကာနဲ့ ပြည်တွင်းအဖွဲ့အစည်းတွေက ပေးတဲ့ လူသားချင်း စာနာကူညီမှုဆိုင်ရာ ပစ္စည်းတွေကို  မြန်မာစစ်တပ်က တားဆီးပိတ်ဆို့နေကြောင်းနဲ့၊ ရိုဟင်ဂျာမွတ်စလင်တွေကို လုပ်သလိုပဲ ကချင်ပြည်နယ်အရှေ့ပိုင်းမှာလည်း လူသားချင်းစာနာကူညီမှုဆိုင်ရာ အခက်အခဲ ပဋိပက္ခဖြစ်အောင် ဖန်တီးနေတာ လို့ ဆိုပါတယ်။

ကချင်ပြည်နယ်ထဲက စစ်ဘေးရှောင်ဒုက္ခသည်တွေဟာ အစားအစာ မလုံလောက်မှုနဲ့ ကျန်းမာရေး ပြဿနာတွေကြောင့် သေဆုံးရတာတွေ တိုးပွားလာသလို၊ နေထိုင်မှုအဆင့်အတန်းဟာလည်း ပိုမို ဆိုးဝါးလာပြီး သူတို့အတွက် အကာအကွယ်ပေးဖို့ ပိုလိုအပ်လာတယ်လို့ Fortify Rights လူ့အခွင့်အရေးအဖွဲ့ရဲ့ အကြီးအကဲ မက်သယူးစမစ် က ပြောပါတယ်။

အစိုးရနဲ့ စစ်တပ်ဟာ ပြည်တွင်းပြည်ပအဖွဲ့တွေကို ကချင်ပြည်နယ်ထဲက စစ်ဘေးရှောင်တွေအတွက် ထောက်ပံ့ရေး ပစ္စည်းတွေ မဝေဖို့ ရည်ရွယ်ချက်ရှိရှိ တားမြစ်နေတာဖြစ်ပြီး၊ အဲဒီလိုလုပ်တာဟာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ က မြန်မာနိုင်ငံကို နိုင်ငံတကာရာဇဝတ်ခုံရုံး တင်နိုင်ရေးအတွက် အကြောင်းပြချက်တခုဖြစ်တဲ့ စစ်ရာဇဝတ်မှုလို့ သတ်မှတ်နိုင်ကြောင်း ပြောပါတယ်။

ကချင်ဒုက္ခသည်တွေနဲ့ ရိုဟင်ဂျာ မွတ်စလင်တွေအပေါ် အင်အားသုံးနှိမ်နင်းမှုတွေအတွက် အမေရိကန်ပြည်ထောင် စုက မြန်မာစစ်တပ် ထိပ်တန်းအရာရှိကြီး ၄ ဦးနဲ့ လုံခြုံရေးအဖွဲ့ ၂ ဖွဲ့ကို ပစ်မှတ်ထား အရေးယူခဲ့ပါတယ်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ဖွဲ့စည်းထားတဲ့ အချက်အလက်ရှာဖွေရေး အဖွဲ့ကလည်း ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပါအဝင် ထိပ်တန်းဗိုလ်ချုပ်ကြီး ၆ ဦးကို ကချင်၊ ရှမ်းနဲ့ ရခိုင်ပြည်နယ်ထဲက လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် လူမျိုးတုံးသတ်ဖြတ်မှုမြောက်ကြောင်းနဲ့ သူတို့ကို နိုင်ငံတကာရာဇဝတ်ခုံရုံး ICC မှာ စွဲချက်တင်သင့်ကြောင်း သြဂုတ်လ ၂၇ ရက်နေ့မှာ အစီရင်ခံစာ ထုတ်ပြန်ပြောဆိုထားပါတယ်။

မြန်မာအစိုးရ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးကတော့ ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးအဖွဲ့ရဲ့ ထုတ်ပြန်ပြော ဆိုချက်တွေကို လက်မခံကြောင်း ငြင်းဆိုထားပါတယ်။ လူ့အခွင့်အရေးအဖွဲ့တွေရဲ့ ထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး အစိုးရဘက်က တစ်စုံတရာ တုံ့ပြန်ပြောဆိုဖို့ ရှိမရှိ သိရအောင် ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ဆက်သွယ်လို့ မရခဲ့ပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။