တောင်ကုတ်မြို့ခံ လေးဦးကို အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေနဲ့ စွဲချက်တင်

2021.02.26
တောင်ကုတ်မြို့ခံ လေးဦးကို အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေနဲ့ စွဲချက်တင် စွဲချက်တင် အမိန့်ချမှတ်ခံရတဲ့ ဦးဇေယျကျော်တို့အဖွဲ့ကို ၂၀၂၀ ဇွန်လအတွင်းက တွေ့ရစဉ်
Photo: U Tin Nyo

ရခိုင်ပြည်နယ် တောင်ကုတ်မြို့မှာ ရက္ခိုင့်တပ်တော် (AA)နဲ့ ပတ်သက်တယ်ဆိုပြီး အကြမ်းဖက်မှုတိုက်ဖျက် ရေးဥပဒေပုဒ်မ-၅၂(က) နဲ့ စွပ်စွဲခံထားရတဲ့ ဦးဇေယျကျော်၊ ဦးစန်းငွေ၊ ဦးဝေသောင်း၊ ကိုစည်သူကျော်ဇံ(ခေါ်) ကျော်ဇော မိုက်ကယ် တို့ လေးဦးကို မြို့နယ်တရားရုံးက ဒီနေ့ စွဲချက်တင်လိုက်ပါတယ်။

တရားလိုနဲ့ တရားလိုပြသက်သေတွေရဲ့ ထွက်ဆိုချက်အရ စွဲချက်တင်လိုက်တာလို့ အမှုကို လိုက်ပါဆောင် ရွက်နေတဲ့ တရားလွှတ်တော်ရှေ့နေ ဒေါ်သိင်္ဂီမောင်က RFA ကို ပြောပါတယ်။

အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ကြေငြာခံထားရတဲ့ ရက္ခိုင့်တပ်တော်(AA)မှာ ပါဝင်ပြီး ကူညီပေးကမ်းတာ၊ အဖွဲ့မှာပါဝင်ဖို့လှုံ့ဆော်တာ စတဲ့စွပ်စွဲချက်တွေနဲ့ ဦးဇေယျကျော်၊ ဦးစန်းငွေ၊ ဦးဝေသောင်းတို့ သုံးဦးဟာ ပြီးခဲ့တဲ့ ၂၀၂၀ မေလ ၂၅ ရက်နေ့မှာ ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး ကိုစည်သူကျော်ဇံ(ခေါ်) ကျော်ဇောမိုက်ကယ် ကတော့ ရက်အနည်းငယ်ကြာတဲ့အခါမှာ ထပ်မံဖမ်းဆီးခံခဲ့ရတာပါ။

သူတို့ လေးဦးကို စစ်တွေမြို့ အမှတ်(၁၂) အထူးသတင်းရဲတပ်ဖွဲ့(SB)က ရဲမှူး ဇော်မြင့်ထွန်းက တရားလိုလုပ် အမှုဖွင့်ထားတာဖြစ်ပြီး လိုပြသက်သေ ၁၃ ဦး စစ်ဆေးခဲ့ပြီးနောက် ဒီနေ့မှာ စွဲချက်တင်ဖို့အမိန့်ကို ချမှတ်ခံခဲ့ ရတာလည်းဖြစ်ပါတယ်။

အမှုကို လာမယ့် မတ်လ ၃ ရက်နေ့ကို ထပ်မံချိန်းဆိုလိုက်ပါတယ်။

ဦးဇေယျကျော်ဟာ တောင်ကုတ်မြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌဖြစ်ပြီး ဦးစန်းငွေကတော့ ဥက္ကဋ္ဌဟောင်းဖြစ်ပါတယ်။ ကိုစည်သူကျော်ဇံ(ခေါ်)ကျော်ဇောမိုက်ကယ်ကတော့ ဦးဇေယျကျော်ရဲ့ ညီဖြစ်ပြီးတော့ ဦးဝေသောင်းကတော့ တောင်ကုတ်မြို့နယ် ရခိုင်အမျိုးသားပါတီ(ANP)ရဲ့ ဒုတိယဥက္ကဋ္ဌ ဖြစ်ပါတယ်။

စွဲချက်တင်အမိန့်ချမှတ်ခံရတဲ့ သူတို့ လေးဦးဟာ တရားခံပြသက်သေတွေနဲ့အတူ တရားရုံးမှာ အမှုကိုဆက် လက်ရင်ဆိုင်ချေပရမှာဖြစ်ပါတယ်။

အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ-၅၂(က)ဟာ အနည်းဆုံးထောင်ဒဏ် ၃ နှစ်ကနေ အများဆုံးထောင် ဒဏ် ၇ နှစ်အထိ ချမှတ်နိုင်တဲ့ ပုဒ်မတစ်ခုလည်းဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။