အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေနဲ့ အမှုဖွင့်ခံထားရတဲ့ တောင်ကုတ်မြို့ခံ လေးဦးကို စတင်စစ်ဆေး

2021-03-03
Share
အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေနဲ့ အမှုဖွင့်ခံထားရတဲ့ တောင်ကုတ်မြို့ခံ လေးဦးကို စတင်စစ်ဆေး စွဲချက်တင် အမိန့်ချမှတ်ခံရတဲ့ ဦးဇေယျကျော်တို့အဖွဲ့ကို ၂၀၂၀ ဇွန်လအတွင်းက တွေ့ရစဉ်
Photo: U Tin Nyo

ရက္ခိုင့်တပ်တော်(AA)နဲ့ ပတ်သက်လို့ဆိုပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂ (က)နဲ့ စွဲချက်တင် ခံထားရတဲ့ ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်က ဒေသခံလေးဦးကို ဒီနေ့ တောင်ကုတ်မြို့နယ် တရားရုံးမှာ စတင်စစ်ဆေးပါတယ်။

ဒီနေ့ရုံးထုတ်မှာ ဒီစွပ်စွဲချက်ဟာ မဟုတ်မှန်ကြောင်း သက်သေအထောက်အထား တွေ့ရှိတယ်ဆိုတာ ထွက်ဆိုခဲ့တယ်လို့ အမှုကိုလိုက်ပါဆောင်ရွက်နေတဲ့ တရားလွှတ်တော်ရှေ့နေ ဒေါ်သိင်္ဂီမောင်က RFA ကို ပြောပါတယ်။

ဦးဇေယျကျော်၊ ဦးစန်းငွေ၊ ဦးဝေသောင်း၊ ကိုစည်သူကျော်ဇံ(ခေါ်) ကျော်ဇော မိုက်ကယ် တို့ လေးဦးဟာ အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ကြေညာခံထားရတဲ့ ရက္ခိုင့်တပ်တော်(AA) မှာ ပါဝင်ပြီး ကူညီပေးကမ်းတာ၊ အဖွဲ့မှာပါဝင်ဖို့ လှုံ့ဆော်တာတွေ ရှိတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ၂၀၂၀ ခုနှစ် မတ်လအတွင်းက ဖမ်းဆီးခံခဲ့ရတာပါ။

ဦးဇေယျကျော်ဟာ တောင်ကုတ်မြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဖြစ်ပြီး ဦးစန်းငွေကတော့ ဥက္ကဋ္ဌဟောင်းဖြစ်ပါတယ်။

ကိုစည်သူကျော်ဇံ(ခေါ်)ကျော်ဇောမိုက်ကယ်ကတော့ ဦးဇေယျကျော်ရဲ့ ညီဖြစ်ပြီးတော့ ဦးဝေသောင်းကတော့ တောင်ကုတ်မြို့နယ် ရခိုင်အမျိုးသားပါတီ(ANP)ရဲ့ ဒုတိယ ဥက္ကဋ္ဌ ဖြစ်ပါတယ်။

သူတို့ကို စစ်တွေမြို့ အမှတ်(၁၂) အထူးသတင်းရဲတပ်ဖွဲ့ (SB)က ရဲမှူး ဇော်မြင့်ထွန်းက တရားလိုလုပ် အမှုဖွင့်ထားတာဖြစ်ပါတယ်။

နောက်လာမယ့် မတ်လ ၁၁ ရက်နေ့ကို ရုံးချိန်းထပ်မံချိန်းဆိုလိုက်ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၆ ရက်နေ့က သူတို့ လေးဦးကို တရားရုံးက စွဲချက်တင်ဖို့အမိန့် ချမှတ်ခဲ့တာပါ။

အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ-၅၂(က)ဟာ အနည်းဆုံးထောင်ဒဏ် ၃ နှစ်ကနေ အများဆုံးထောင် ဒဏ် ၇ နှစ်အထိ ချမှတ်နိုင်တဲ့ ပုဒ်မဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့