ကနီမြို့နယ်မှာ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံထားရတဲ့ ရုပ်အလောင်း ၁၄ ခုတွေ့ရှိ

2021.07.12
ကနီမြို့နယ်မှာ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံထားရတဲ့ ရုပ်အလောင်း ၁၄ ခုတွေ့ရှိ စစ်ကိုင်းတိုင်း၊ ကနီမြိုနယ်က ဒေသခံတွေ ထွက်ပြေးနေကြတာကို ၂၀၂၁၊ မေလအတွင်းက တွေ့ရစဉ်
Photo: Citizen Journalist

စစ်ကိုင်းတိုင်း၊ ကနီမြိုနယ်၊ ယင်းရွာနဲ့ ကုန်းသာရွာအနီးက တောထဲတစ်နေရာမှာ လက်ပြန်ကြိုးတုတ်ပြီး ရိုက်နှက်ဒဏ်ရာတွေနဲ့ အစုလိုက်၊ အပြုံလိုက် သေဆုံးနေတဲ့ ရုပ်အလောင်း ၁၄ ခုကို မနေ့ကနဲ့ ဒီနေ့တွေမှာ တွေ့ရှိခဲ့တယ်လို့ ကနီမြို့နယ်က ဒေသခံတွေက RFA ကိုပြောပါတယ်။

မနေ့က ဇူလိုင်လ ၁၁ ရက်နေ့ ညနေပိုင်းမှာ ရုပ်အလောင်း သုံးလောင်းနဲ့ ဒီနေ့ ဇူလိုင်လ ၁၂ ရက် မနက်ပိုင်းမှာ ၁၁ လောင်း တွေ့ရှိခဲ့တာဖြစ်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ယောက်က ပြောပါတယ်။

“ဘယ်နေ့တွေက သတ်ခံရလဲဆိုတာကိုတောင် မသိကြပါဘူး။ အခုက စစ်သားတွေ မင်းကင်းနယ်ဘက် ထွက်သွားလို့ ရွာကသူတွေ ပြန်လာကြတော့ လိုက်ရှာကြရင်း တွေ့တာ။ အခုထိ ပျောက်ဆုံးနေသူတွေ ရှိသေးတယ်။ စစ်သားတွေက ရွာသားတွေကို လူသားဒိုင်းအနေနဲ့ လုပ်ထားတယ်။ အခုတွေ့ရတဲ့ အလောင်းတချို့ဆို လက်တွေပြတ်နေတယ်။ ဘယ်သူတွေလဲဆိုတာ သေချာမသိရသေးဘူး။ ကျွန်တော်တို့ စားရင်း ကောက်ရအုံးမယ်။ သေဆုံးသူတွေဟာ ယင်းရွာက အများဆုံးဖြစ်မယ်လို့ ခန့်မှန်းရတယ်။ သတ်တဲ့သူ ဘယ်သူလည်းဆိုတာ ပြောစရာတောင်မလိုပါဘူး၊ စစ်သားတွေပါပဲ”

သေဆုံးသူအများစုဟာ ယင်းကျေးရွာကဖြစ်တယ်လို့ ခန့်မှန်းရပေမယ့် အလောင်းအချို့က ဒဏ်ရာတွေနဲ့ ပျက်စီးနေလို့ ဘယ်သူဘယ်ဝါဆိုတာကို မသိနိုင်တော့ဘူးလို့လည်း ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၉ ရက်ရက်နဲ့ ၁၀ ရက်နေ့တွေမှာ စစ်ကောင်စီတပ်တွေ ရောက်ရှိလာတဲ့အတွက် ဒေသခံတွေဟာ တောတွေထဲကို ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပြီးနောက် အခုလို အစုလိုက် အပြုံလိုက် သတ်ဖြတ်ခံထားရတဲ့အလောင်းကို တွေ့ရှိခဲ့ကြရတာလို့ ဒေသခံ ကျေးရွာသားတွေက ပြောပါတယ်။

ဒေသခံအချို့ ပြောပြချက်အရ စစ်သားတွေဟာ ဇူလိုင်လ ၉ ရက်နေ့က ဒေသခံ ၅၀ ခန့်ကို ဖမ်းဆီးသွားသလို ဇူလိုင်လ ၁၀ ရက်နေ့မှာလည်း နောက်ထပ် ၁၁ ယောက်ကို ဖမ်းဆီးသွားတယ်လို့ ဆိုပါတယ်။

အဲဒီအထဲက အမျိုးသမီး လေးဦးကို ပြန်လွှတ်ပေးခဲ့ပေမယ့် ကျန်တဲ့သူတွေကတော့ ဒီနေ့အထိ ရွာကို ပြန်ရောက်မလာကြသေးဘူးလို့လည်း ဆိုကြပါတယ်။

ဒါကြောင့် အခုလိုသတ်ဖြတ်ခံရတဲ့ ရုပ်အလောင်းတွေ နောက်ထပ်ရှိနိုင်မလားဆိုပြီး ဒေသခံတွေက ထပ်မံရှာဖွေနေကြတယ်လို့လည်း ပြောပါတယ်။

ကျေးရွာသားအများအပြားကို စစ်ကောင်စီတပ်သားတွေက ဖမ်းဆီးသွားတယ်ဆိုတာနဲ့ အခုတွေ့ရှိရတဲ့ ရုပ်အလောင်းတွေဟာ စစ်ကောင်စီတပ်သားတွေရဲ့လက်ချက်ဖြစ်တယ်လို့ ပြောဆိုချက်တွေနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ပြန်ကြားရေးဝန်ကြီးဌာန ဒုဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်း ကို RFA က ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေဆဲဖြစ်ပြီး အဆက်အသွယ်ရရှိတဲ့အခါ ဆက်လက်ဖော်ပြပါမယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။