
မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့တွေနဲ့ ဖွဲ့စည်းထားတဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးညှိနှိုင်းမှုကော်မတီ FPNCC ရဲ့ ဒုတိယအကြိမ်မြောက် အစည်းအဝေးကို "ဝ"ပြည်နယ်၊ ပန်ခမ်းမြို့မှာ မနေ့ကစတင်ပြီး ကျင်းပနေပါတယ်။
အဲဒီအစည်းအဝေးကို FPNCC ဥက္ကဋ္ဌ(၁)ဦးပေါက်ယူချန်၊ ဥက္ကဋ္ဌ(၂)အင်ဘန်လ၊ အတွင်းရေးမှုး ဦးပေါက်ယူရိနဲ့ ဒုတိယအတွင်းရေးမှုး ကျောက်ကော်အန်းတို့လည်း တက်ရောက်နေပါတယ်။
လက်ရှိ FPNCC မှာပါဝင်တဲ့ ကေအိုင်အေနဲ့ အစိုးရကြား စစ်ရေးတင်းမာမှုတွေရှိနေပေမယ့် တိုက်ပွဲဖြစ်ပွားတာ မရှိဘူးလို့ ကေအိုင်အေရဲ့ ပြန်ကြားရေးတာဝန်ခံ ဒုတိယဗိုလ်မှူးကြီး နော်ဘူ က ပြောပါတယ်။
အခုလအတွင်း FPNCC အဖွဲ့ဝင် တအာင်းလွတ်မြောက်ရေးတပ်မတော် TNLA နဲ့ အစိုးရကြား လားရှိုး၊ နမ့်ခမ်း၊ နမ္မတူ၊ မန်တုံမြို့နယ်တွေမှာ တိုက်ပွဲတွေဆက်ဖြစ်နေတယ်လို့ တအာင်းလွတ်မြောက်ရေးတပ်မတော်ဘက်က သတင်းတွေ ထုတ်ပြန်ထားပါတယ်။
FPNCC ကို ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA ဦးဆောင်ပြီး မြောက်ပိုင်းလက်နက်ကိုင်တပ် ဖွဲ့တွေဖြစ်တဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် KIA၊ ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် SSPP/SSA ၊ ရက္ခိုင့်တပ်မတော် AA၊ တအာင်းလွတ်မြောက်ရေးတပ်မတော် TNLA၊ ကိုးကန့်တပ်မတော် MNDAAနဲ့ မိုင်းလားတပ်မတော် NDAA တို့နဲ့ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။