စက်ရုံ ၂ ရုံက အလုပ်သမားတွေ တောင်းဆိုချက်ရပြီ

အခြေခံလုပ်ခလစာ တိုးမြှင့်ပေးဖို့ တောင်းဆိုနေတဲ့ ရန်ကုန်မြို့ လှိုင်သာယာစက်မှုဇုန်က အထည်ချုပ် စက်ရုံ ၂ ရုံမှာ အလုပ်ရှင်က လိုက်လျောတဲ့အတွက် ဒီနေ့ ပြေလည်မှုရသွားပြီလို့ သတင်းရရှိပါတယ်။

2012-05-26
Share
jp-factory-strike1-b305 ရန်ကုန်မြို့ လှိုင်သာယာစက်မှုဇုံရှိ စပယ်ပွင့် အထည်ချုပ်စက်ရုံမှ အလုပ်သမများ မေလ ၁၆ ရက်နေ့က ဆန္ဒပြနေစဉ်။
RFA

အဲဒီလို ပြဿနာပြေလည်သွားတဲ့ စက်ရုံတွေက တရုတ်အမျိုးသားပိုင် ပုလဲနဲ့ စပယ်ပွင့် အထည်ချုပ် စက်ရုံတွေ ဖြစ်တယ်လို့ အလုပ်သမားတွေဘက်က ကူညီနေတဲ့ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့က မမာမာဦးက ပြောပါတယ်။

"ပုလဲ အထည်ချုပ်စက်ရုံရယ်၊ စပယ်ပွင့် အထည်ချုပ်စက်ရုံရယ် အဲဒီ စက်ရုံ နှစ်ရုံကို ပိုင်တာက တရုတ် သူဌေးမတစ်ယောက်ထဲပဲ။ သူပိုင်တဲ့ စက်ရုံ ၂ ရုံစလုံးကို အရင်ရက်က ကလေးမလေးတွေက ပိုက်ဆံတိုးပေးဖို့ တောင်းဆိုချက်ကို သူက ပြေလည်အောင်ညှိနှိုင်းပေးလိုက်ပြီ။ အခြေခံလစာက မတူဘူး။ အနိမ့်ဆုံးက ရှစ်ထောင်။ အများဆုံးက တစ်သောင်း နှစ်ထောင်။ အခု နှစ်သောင်းစီပေါ့နော်။ ရှစ်ထောင်သမားကိုလည်း တိုးပေးတယ်။ တစ်သာင်း နှစ်ထောင်သမားကိုလည်း တိုးပေးလိုက်တယ်။"

ပုလဲနဲ့ စပယ်ပွင့် အထည်ချုပ်စက်ရုံ အလုပ်သမားတွေက ပြီးခဲ့တဲ့ မေလ ၇ ရက်နေ့ စလို့ တောင်းဆိုနေခဲ့ပြီး အခုပြေလည်သွားတာပါ။ ဒါပေမယ့် အခြားစက်ရုံတွေမှာတော့ ဒီနေ့အထိ ပြေလည်မှု မရသေးဘူးလို့ သိရပါတယ်။

ဒါကြောင့် နေမင်းအောင်စက်ရုံ အလုပ်သမားတွေ အတွက်ကိုလည်း ၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့က ကိုအောင်သူက စက်ရုံတာဝန်ရှိသူတွေနဲ့ ဒီနေ့ သွားရောက် ညှိနှိုင်းနေတယ်လို့ မမာမာဦးက ပြောပါတယ်။

အလုပ်သမား ၂၅ ဦး အစာငတ်ခံ ဆန္ဒပြနေတဲ့ ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊ မြောင်းတကာက Crown သံမဏိစက်ရုံမှာ ပြေလည်မှု မရသေးဘူးလို့ ကြားရတဲ့အပြင် အဲဒီစက်ရုံကို သွားရာလမ်းက ဆိုက်ကယ်ကယ်ရီတွေ၊ အငှားယာဉ်တွေကို ကန့်သတ်ထားလိုက်တယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့