ဓါတ်ဆီဆိုင်ကို ဖျက်သိမ်းပေးဖို့ ဆန္ဒပြတောင်းဆို
2017.12.12
ရန်ကုန်မြို့ တောင်ဥက္ကလာပမြို့နယ်၊ ၅ ရပ်ကွက်မှာ ဆောက်လုပ်နေတဲ့ City Energy ဓါတ်ဆီဆိုင် ဖျက်သိမ်းပေးဖို့ ရပ်ကွက်နေပြည်သူတွေ ဒီဇင်ဘာလ ၁၂ ရက်နေ့က ဆန္ဒပြစဉ်
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်၊ ၅ ရပ်ကွက်မှာ ဆောက်လုပ်နေတဲ့ City Energy ဓါတ်ဆီဆိုင်ကို ဖျက်သိမ်းပေးဖို့ ရပ်ကွက်နေပြည်သူ ၂၀၀ ကျော်လောက်က ဒီနေ့ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။
ဓါတ်ဆီဆိုင်ဟာ လူနေအိမ် ၂ လုံးကြားမှာ ဆောက်ထားတာကြောင့် မီးဘေးအန္တရာယ်ကို စိုးရိမ်တဲ့အတွက် ရပ်ကွက်နေပြည်သူတွေက ကန့်ကွက်တာဖြစ်တယ်လို့ ဆန္ဒပြရာမှာပါဝင်တဲ့ ကိုသက်နိုင်က ပြောပါတယ်။
"တစ်နိုင်ငံလုံးမှာရှိတဲ့ ပြည်သူတွေက မီးသတ်တဲ့စနစ်ကို ဘယ်သူမှနားလည်ကြတာ မဟုတ်ဘူး၊ မီးလောင်ရင် အကုန်လုံးထွက်ပြေးဖို့ပဲရှိကြတာ၊ ဝိုင်းငြှိမ်းဖို့ မရှိဘူး၊ ဓါတ်ဆီဆိုင်ဆိုတော့ ဆီဆို တာလောင်စာပဲလေ၊ ပေါက်ကွဲမှုအားလည်း ပြင်းတယ်၊ ရပ်ကွက်နီးနီးလေးဆိုတော့ ကူးစက်မှု က မြန်လည်းမြန်သွားနိုင်တယ်၊ တစ်ရပ်ကွက်လုံးအနေနဲ့ အန္တရာယ်အများကြီးရှိတာပေါ့နော်၊ အဲဒါကြောင့် ကျနော်တို့တွေက မလိုလားဘူး၊ သူတို့စီးပွားရေး သူတို့ဘာသာ လုပ်ချင်တဲ့နေရာလုပ်၊ ကျနော်တို့ ဟိုးအရှေ့ဘက်မှာလည်း လယ်ကွင်းတွေ၊ လယ်ကွက်တွေရှိတာပဲ၊ အဲလိုနေရာမျိုးမှာ လည်း ဆောက်လို့ရတာပဲ၊ မဆောက်ဘဲနဲ့ ရပ်ကွက်အတွင်းလည်း ဖြစ်နေတယ်၊ ဆိုင်ဟိုဘက် ဒီဘက်မှာလည်း အိမ်တွေလည်းရှိနေတယ်၊ အရှေ့မှာလည်း ဂတ်စ်လိုင်းရှိတယ်၊ သူ့အရှေ့မှာလည်း ကားမှတ်တိုင် ရှိသေးတယ်"
အဲဒီဓါတ်ဆီဆိုင်ကို ပြီးခဲ့တဲ့ မေလကတည်းက တည်ဆောက်နေတာဖြစ်ပြီး အဲဒီအချိန်ကတည်းက ရပ်ကွက်နေပြည် သူတွေက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်တို့ထံ စာပေးပို့ ကန့်ကွက်ခဲ့ တယ်လို့လည်း ပြောပါတယ်။
တောင်ဥက္ကလာပမြို့နယ် တိုင်းလွှတ်တော် ကိုယ်စားလှယ် ဒေါ်သစ်သစ်မြင့်က တိုင်းဒေသကြီးလွှတ်တော်မှာ တင်ပြ တဲ့အခါမှာလည်း အဲဒီကိစ္စဟာ ပြည်ထောင်စုအစိုးရက လုပ်ခွင့်ချပေးထားတာဖြစ်တယ်လို့ အကြောင်းပြန်ကြောင်းလည်း ကိုသက်နိုင်က ပြောပါတယ်။
ဒါ့အပြင် အဲဒီဆီဆိုင်ရဲ့ အနောက်ဘက်မှာ ကော်ပစ္စည်းတွေပြုလုပ်တဲ့ လုပ်ငန်းလည်းရှိတယ်လို့ ဆိုပါတယ်။
ဆန္ဒပြသူတွေဟာ ဓါတ်ဆီဆိုင်ရှေ့ကနေ မြို့နယ်စည်ပင်သာယာရေးရုံး၊ ထွေထွေအုပ်ချုပ်ရေးမှူးရုံးရှေ့တို့ကိုဖြတ် ပြီး လှည့်လည်ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။









