ကျောက်မျက်တူးဖေါ်ခွင့်ဆိုင်ရာ အစိုးရကြေညာချက် ပတ်ဝန်းကျင်အဖွဲ့များ ကြိုဆို


2016.07.29
yaymasay-pharkant-620.jpeg ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု မှော်စီစာကျေးရွာအနီးက သာယာကုန်းကမ်းပါးမှာ ၂၀၁၃ ခုနှစ်အတွင်းက ကျောက်စိမ်း တူးဖော်နေမှုကို တွေ့ရစဉ်
Photo: Kyaw Myo Min/RFA

မြန်မာနိုင်ငံမှာ ကျောက်စိမ်းနဲ့ ကျောက်မျက်တူးဖေါ်ရေး လုပ်ကိုင်ခွင့်လိုင်စင်တွေကို လောလောဆယ် သက်တမ်း တိုးမပေးတော့ဘူးလို့ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနက ကြေညာခဲ့တဲ့အပေါ် သဘာဝပတ်ဝန်းကျင်ရေးရာအဖွဲ့တွေနဲ့ လူ့အခွင့်အရေးအဖွဲ့တွေက ကြိုဆိုလိုက်ကြပြီး၊ လိုအပ်တာတွေ ထပ်မံဆောင်ရွက်ဖို့လည်း တိုက်တွန်းကြပါတယ်။

ဒီနှစ်အတွင်း အတည်ပြုခဲ့တဲ့ ကျောက်မျက်ဥပဒေအတွက် နည်းဥပဒေ ထွက်မလာသေးတာကြောင့် ကျောက်စိမ်း နဲ့ ကျောက်မျက်တူးဖေါ်ရေး လုပ်ကိုင်ခွင့်လိုင်စင်တွေ အသစ်ချမပေးဘဲ၊ လက်ရှိလုပ်ကိုင်နေတဲ့ ကုမ္ပဏီတွေကိုလည်း သက်တမ်းထပ် မတိုးသေးဘူးလို့ သိရပါတယ်။

ဒါကြောင့် ကျောက်မျက်တူးဖေါ်တဲ့ဒေသတွေမှာ လူ့အခွင့်အရေးချိုးဖေါက်မှုတွေ၊ မူးယစ်ဆေးဝါးပြဿနာတွေ၊ လူသေဆုံးမှုတွေ ကျဆင်းသွားဖွယ်ရှိတယ်လို့ ဗြိတန်အခြေစိုက် Global Witness အဖွဲ့၊ အမေရိကန် အခြေစိုက် NRGI ခေါ် သဘာဝသယံဇာတ ထိန်းသိမ်းရးအဖွဲ့စတဲ့ အဖွဲ့တွေက ကြိုဆိုခဲ့ကြတာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ကျောက်စိမ်းနဲ့ ကျောက်မျက်လုပ်ကွက်ပေါင်း ၂၇ဝဝ ကျော်ရှိပြီး၊ ကျောက်စိမ်းထွက်ရာ ကချင်ပြည်နယ်မှာ ကျောက်ကုမ္ပဏီပေါင်း ၇ဝဝ ကျော်ရှိတယ်လို့ သိရပါတယ်။ ဒါပေမဲ့ တရားဥပဒေစိုးမိုးမှု အားနည်းလွန်းတဲ့အတွက် အာဏာပိုင်တွေနဲ့ပေါင်းပြီး တရားမဝင် ခိုးတူးနေတာတွေလည်း အများအပြားရှိနေတယ်လို့ ဆိုပါတယ်။

အခု အစိုးရက ကျောက်မျက်လိုင်စင်သက်တမ်း မတိုးပေးတော့ဘူးဆိုပေမယ့် လက်ရှိ သက်တမ်းမကုန်သေးသူတွေ ဆက်လက်လုပ်ခွင့်ရှိနေပြီး၊ တချို့ကုမ္ပဏီတွေဆိုရင် ၂ဝ၂၁ ခုနှစ်အထိ သက်တမ်းရှိနေတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံရဲ့ ကျောက်မျက်ရတနာလုပ်ငန်းက ရရှိတဲ့ဝင်ငွေဟာ အမေရိကန်ဒေါ်လာ ၃၁ ဘီလျံ ဝန်းကျင် ရှိမယ်လို့ခန့်မှန်းကြတာကြောင့် တိုင်းပြည်ရဲ့ထွက်ကုန်တန်ဖိုး စုစုပေါင်းရဲ့ထက်ဝက်နီးပါး ရှိပါတယ်။ ဒါပေမဲ့ ကျောက်မျက်လုပ်ငန်း အထူးသဖြင့် ကျောက်စိမ်းတူးဖေါ်ရေးကို စစ်တပ်အရာရှိကြီးတွေနဲ့ မူးယစ်ရာဇာ ကြီးတွေက နောက်ကွယ်က ကြိုးကိုင်နေကြတာဖြစ်ပြီး၊ ဝင်ငွေအမြောက်အများရရှိနေကြတယ်လို့ Global Witness အဖွဲ့ရဲ့ ၂ဝ၁၅ ခုှနှစ် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဒါ့ပြင် ကျောက်မျက်တူးဖေါ်ရေးလုပ်ငန်းမှာ ဆောင်ရွက်ပုံတွေ စနစ်မကျတဲ့အပြင်၊ စည်းမျဉ်းဥပဒေတွေ အားနည်းတာကြောင့် မြေစာပုံပြိုကျလို့ လူအများအပြားသေဆုံးရတာ၊ မူးယစ်ဆေးဝါး ကြောက်ခမန်းလိလိ ပေါ များပြီး၊ သုံးစွဲသူတွေများပြားနေတာနဲ့ တခြားလူမှုရေးပြဿနာတွေ၊ ရာဇဝတ်မှုတွေ ပေါ်ပေါက်နေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။