မိုးထိ မိုးမိ ရွှေလုပ်သားခေါင်းဆောင် ၂၂ ဦး တရားစွဲဆိုခံရ

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ် မိုးထိ မိုးမိဒေသ ရွှေတူးဖော်ရေး လုပ်ငန်းခွင်က လုပ်သားခေါင်းဆောင် ၂၂ ဦးကို အမျိုးသားကြီးပွား တိုးတက်ရေး ကုမ္ပဏီကနေ တရားစွဲဆိုထားတယ်လို့ သိရပါတယ်။

2012.09.08
gold-mine-strike-b305 ၂၀၁၂ ခုနှစ် ဇွန်လအတွင်းက မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်း ခရိုင်၊ တူးကုန်းကျေးရွာ အုပ်စုရှိ မိုးထိ မိုးမိတောင် ရွှေတူးလုပ်သားများ တောင်းဆိုဆန္ဒပြ မှု ပြုလုပ်နေကြစဉ်
Photo: RFA

ကုမ္ပဏီက တရားစွဲလိုက်တဲ့အတွက် မိမိတို့ အလုပ်သမားခေါင်းဆောင်တွေဟာ အခုခံဝန်ချုပ်တွေနဲ့ နေထိုင်ကြရတယ်လို့ လုပ်သားခေါင်းဆောင် တစ်ဦးဖြစ်တဲ့ ကိုစောနောင်က RFA ကိုပြောပါတယ်။

"အဘက်ဘက်ကနေပြီးတော့မှ ဒီပြဿနာတွေကို သူတို့က ချိုးဖောက်နေတာခင်ဗျ။ စာချုပ်ပါအချက်တွေကို အကုန်လုံး ချိုးဖောက်နေတာ။ မယုံရင် မိုးထိ မိုးမိဒေသကို လာကြည့်ပါ။ နိုင်ငံတော် သမ္မတကြီးနှင့်တကွ အာဏာပိုင် အဖွဲ့အစည်းအသီးသီး၊ ဝန်ကြီးဋ္ဌာနတွေ၊ သက်ဆိုင်ရာ ဝန်ကြီးဋ္ဌာနတွေ ထိရောက်တဲ့ ဖြေရှင်းမှု အခုချိန်အထိ လာရောက်ပြီး မဖြေရှင်းပေးတဲ့ အတွက်ကြောင့် မီးပွားတစ်ခု လွှင့်လာတယ် ဆိုလို့ရှိရင် ဒီမီးပွားကို အမြန်မှ မငြိမ်းသတ်နိုင်လို့ရှိရင် ကြာလာတဲ့ အခါကျတော့ အဓိကရုဏ်းတွေ ဖြစ်လာမယ်။ ဒါတွေကို ကျွန်တော်တို့က မြင်နေရပါပြီ။ မနေ့ကဆိုရင် ကျွန်တော်တို့ ဇုန်ခေါင်းဆောင် ၃၀ ဦး ရှိတဲ့အနက် ၂၂ ဦးကို တရားစွဲထားပါတယ်။ ၂၂ ဦးဟာ ဝန်ခံကတိတွေနဲ့ အပြင်မှာ ရပ်တည်နေရပါတယ်။ ကြာလာရင် ဒီထက်လည်း ပိုဆိုးပါတော့မယ်။ ကြာလာရင် ကျွန်တော်တို့ အလှည့်တွေ ရောက်လာတော့မယ်။ ဒီ ပြဿနာကို ဒီလိုပဲစောင့်ကြည့်နေဦးမယ် ဆိုရင်တော့ ရေတမှုတ်နဲ့ ပြီးရမဲ့နေရာမှာ မီးသတ်ကားနဲ့ ပက်ရတဲ့ အခြေအနေမျိုးကို ရောက်လာပါလိမ့်မယ်"

အမျိုးသား ကြီးပွားတိုးတက်ရေး ကုမ္ပဏီနဲ့ သိန်းနဲ့ချီတဲ့ ရွှေလုပ်သားတွေအကြား နစ်နာကြေး၊ လျော်ကြေး ရပိုင်ခွင့်တွေနဲ့ပတ်သက်လို့ ပြီးခဲ့တဲ့ မေလကတည်းက ပြဿနာ ပေါ်ပေါက်ခဲ့ပြီး အလုပ်သမားတွေ ဆန္ဒပြခဲ့ကြပါတယ်။

အဲဒီနောက် အာဏာပိုင်တွေရဲ့ ညှိနှိုင်းပေးမှုကြောင့် ဇွန်လ ၁၄ ရက်နေ့က သဘောတူစာချုပ် ချုပ်ဆိုခဲ့ပေမယ့် ကုမ္ပဏီဘက်က ဆန္ဒပြခေါင်းဆောင်တချို့ကိုပဲ နစ်နာကြေး ပေးခဲ့တယ်လို့ ဆိုပါတယ်။

အဲဒါအပြင် ကုမ္ပဏီဘက်က ဆဲဆိုကြိမ်းမောင်းမှု ပုဒ်မ ၂၉၄၊ ၅၀၆ နဲ့ တရားစွဲဆိုလိုက်တာကြောင့် လုပ်သားတွေ အခက်ကြုံနေရပြီး ဒီလိုအခြေအနေတွေ ဆက်ဖြစ်နေမယ်ဆိုရင် အဓိကရုဏ်းတွေ ဖြစ်လာနိုင်တယ်လို့ ဒီကနေ့ မန္တလေးမြို့က သတင်းစာ ရှင်းလင်းပွဲမှာ ရွှေလုပ်သားတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။