ကေအိုင်အိုနဲ့ ကွင်းဆင်းလေ့လာ ဖို့ အစိုးရတပ်မတော် ကတိပျက်ကွက်
2015.05.05
မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်က ကေအိုင်အို နည်းပညာ အကြံပေးအလုပ်အဖွဲ့ရုံးမှာ ဧပြီလ ၂၇ ရက်နေ့ကပြုလုပ်တဲ့ ပဋိပက္ခညှိနှိုင်းဖြေရှင်းရေးအဖွဲ့ အစည်းအဝေးမှာ အစိုးရ နဲ့ ကေအိုင်အို နှစ်ဖက်ကိုယ်စားလှယ်တွေကို တွေ့ရစဉ်
ကချင်ပြည်နယ် တနိုင်းနဲ့ ဖားကန့်မြို့နယ်က တိုက်ပွဲဖြစ် ပွားတဲ့နေရာတွေကို အစိုးရနဲ့ ကေအိုင်အို ကိုယ်စား လှယ်တွေပါဝင်တဲ့ ပဋိပက္ခညှိနှိုင်းဖြေရှင်းရေးအဖွဲ့က ကွင်းဆင်းလေ့လာဖို့ သဘောတူခဲ့ပေမယ့် အစိုးရ တပ်မတော်ဘက်က မလိုက်နိုင်တော့ကြောင်း မနေ့က အကြောင်းကြားထားတယ်လို့ ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့က ပြောပါတယ်။
ပဋိပက္ခဖြစ်ပွားရာနေရာတွေကို တပ်ကိုယ်စားလှယ်တွေ မလိုက်နိုင်တော့တာကြောင့် ကွင်းဆင်းလေ့လာမယ့် အစီအစဉ် ပျက်သွားတယ်လို့ မြစ်ကြီးနားမြို့အခြေစိုက် ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့က ဦးလမိုင်ဂွမ်ဂျာ က ပြောပါတယ်။
ဖားကန့်နဲ့ တနိုင်းမြို့နယ်တွေမှာ ပြီးခဲ့တဲ့ ဧပြီလ ၁၈ ရက်ကနေ ၂၁ ရက်နေ့အထိ အစိုးရနဲ့ကေအိုင်အို တပ်တွေ တိုက်ပွဲတွေဖြစ်ပွားခဲ့ပါတယ်။
အဲဒီ့တိုက်ပွဲတွေကြောင့် နှစ်ဘက်ကိုယ်စားလှယ်တွေပါဝင်တဲ့ ပဋိပက္ခညှိနှိုင်းဖြေရှင်းရေးအဖွဲ့က အရေးပေါ်အစည်းအဝေးကျင်းပပြီး တိုက်ပွဲဖြစ်ပွားရာနေရာတွေကို သွားရောက်လေ့လာဖို့ ကတိပြုသဘောတူညီခဲ့ကြတာဖြစ်ပါတယ်။









