အစိုးရ ချေးငွေ ပြန်မဆပ်နိုင်တဲ့ လယ်သမားများကို ကူညီမည်


2014.10.29
farmers-conference-305 မြန်မာနိုင်ငံတောင်သူလယ်သမားနဲ့ စိုက်ပျိုးရေး အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်ရဲ့ ဒုတိယအကြိမ်ညီလာခံကို ဒဂုံမြို့သစ်တောင်ပိုင်း မြို့နယ်ခန်းမမှာ အောက်တိုဘာလ ၂၉ ရက်နေ့က ကျင်းပစဉ်
Photo: Myo Zaw Ko/ RFA

မြန်မာ့လယ်ယာစိုက်ပျိုးရေးဘဏ်က ထုတ်ချေးထားတဲ့ စိုက်ပျိုးစရိတ်ချေးငွေတွေ ပြန်မဆပ်နိုင်တဲ့ သမဂ္ဂအဖွဲ့ဝင် လယ်သမားတွေအနေနဲ့ မြန်မာနိုင်ငံ တောင်သူ လယ်သမားနဲ့ စိုက်ပျိုးရေး အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ်ဆီ အထောက်အထားခိုင်ခိုင်မာမာ တင်ပြနိုင် ရင်ဖြေရှင်းပေးမယ်လို့ ပြောပါတယ်။

မြန်မာနိုင်ငံတောင်သူလယ်သမားနဲ့ စိုက်ပျိုးရေးအလုပ် သမားသမဂ္ဂများအဖွဲ့ချုပ်ရဲ့ ဒုတိယအကြိမ်မြောက် ညီလာခံကို ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့ သစ်တောင်ပိုင်း မြို့နယ်ခန်းမမှာ ဒီကနေ့ ကျင်းပစဉ် အဲဒီအဖွဲ့ရဲ့ ရန်ကုန်တိုင်း အတွင်းရေးမှုး ဦးယဉ်အေးက RFA ကို ချေးငွေမဆပ်နိုင်တဲ့ လယ်သမားတွေအရေး ကိစ္စကို ပြောခဲ့တာဖြစ်ပါတယ်။

"လယ်သမားက မဆပ်နိုင်ဘူးဆိုတာ အကြောင်းပြချက် ခိုင်ခိုင်မာမာရှိဖို့ကို စုံစမ်း စစ်ဆေးရတယ်၊ သဘောက ရေတွေက သဘာဝဘေးအန္တရာယ်ကြောင့် အလွန်အကျွံမြုပ် သွားတာမျိုးတွေပေါ့၊ တချို့တွေက ငါးဖမ်းပြီးတော့ အာဏာပိုင်အဖွဲ့အစည်းတွေနဲ့ ပတ်သက်ပြီး တာပိတ်ပြီးတော့ ကိုယ့်အကျိုးစီးပွားအတွက် စီးပွားရေးသမားတွေကလုပ်လို့ တချို့လယ်သမားတွေ ဆိုရင်လည်း လယ်တွေထဲမှာ စပါးရိတ်ပြီးကာစ ရေမြုပ်သွားတယ်၊ ဒီလို ဓါတ်ပုံအထောက်အထားနဲ့ ပတ်ဝန်းကျင် သက်သေအထောက်အထားနဲ့ စာရေးပြီးတော့ ဘဏ်ကော်မတီကိုရော၊ မြို့နယ်အုပ်ချုပ်ရေးမှူး လယ်ယာမြေ စီမံခန့်ခွဲရေးအဖွဲ့ကိုလည်း အထောက်အထား ခိုင်ခိုင်မာမာရှိတယ်၊ သေသေချာချာစိစစ်ပြီး လို့ရှိရင် ဒါကိုတင်ပြသွားပြီးတော့ အဲ့လိုဆောင်ရွက်နေတာတွေရှိတယ်"

စိုက်ပျိုးစရိတ်ချေးငွေတွေကို စိုက်/ဘဏ်ကနေ တစ်ဧက ကျပ် တစ်သိန်းနှုန်းနဲ့ ထုတ်ချေးပေးထားရာမှာ ပြန် မဆပ်နိုင်တဲ့ စစ်ကိုင်းတိုင်းနဲ့ ဧရာဝတီတိုင်းအတွင်းက လယ်သမားတွေကို ဥပဒေအရအရေးယူမယ်လို့လည်း လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာနက အကြောင်းကြားထားတယ်လို့ သိရပါတယ်။

ဒါကြောင့် သမဂ္ဂအဖွဲ့ဝင် လယ်သမားတွေအနေနဲ့ မိုးကြီးလို့လယ်တွေ ရေနစ်မြှပ်ရတာတွေ၊ ချိန်ခါမဟုတ် မိုးရွာတဲ့အတွက် စပါးတွေပျက်စီးခဲ့တာတွေကြောင့် သီးနှံတွေတကယ်ပျက်စီးဆုံးရှုံးတဲ့ အထောက်အထားတွေကို သက်ဆိုင်ရာဘဏ်ကော်မတီ၊ မြို့နယ်အုပ်ချုပ်ရေးမှုးအဖွဲ့တွေနဲ့ လယ်ယာမြေစီမံခန့်ခွဲမှုကော်မတီတွေဆီ တင်ပြပြီးဖြေရှင်းပေးမယ်လို့ ပြောပါတယ်။

ဒါ့အပြင် လယ်မြေသိမ်းဆည်းခံရမှု အငြင်းပွားနေရတဲ့ကိစ္စတွေ၊ လယ်သမားတွေ လယ်ပိုင်ဆိုင်မှု အာမခံနိုင်ရေး ဥပဒေအရပြင်ဆင်ပေးနိုင်ဖို့နဲ့ တည်ငြိမ်တဲ့စပါးဈေးကွက် ဖြစ်လာစေရေး အတွက်ကိုလည်း လွှတ်တော်ဆီ တင်သွင်းဖို့  ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

သမဂ္ဂများအဖွဲ့ချုပ်ရဲ့ ရန်ကုန်တိုင်း အထွေထွေအတွင်းရေးမှုး ဦးယဉ်အေးကို RFA သတင်းထောက် ကိုကျော်သူ တွေ့ဆုံမေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။