တောင်ကိုရီးယားရောက် ပညာတော်သင်အရာရှိတွေ CDMမှာ ပါဝင်

ခင်မောင်စိုး(ဝါရှင်တန်ဒီစီ)
2021.05.03

အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်တဲ့ CDM လှုပ်ရှားမှုမှာ ပြည်တွင်းရှိဝန်ထမ်းတွေသာမက နိုင်ငံတကာကို အကြောင်းအမျိုးမျိုးနဲ့ ရောက်ရှိနေတဲ့ အရာရှိတွေဝန်ထမ်းတွေလည်း ပါဝင်နေကြပါတယ်။ တောင်ကိုရီးယားမှာ ပညာသင်ဆုနဲ့ ရောက်ရှိနေတဲ့ မြန်မာတွေနိုင်ငံသားအရေအတွက်ကို အတိအကျ မသိရပေမယ့် ရာနဲ့ချီပြီး ရှိနိုင်တယ်လို့ ဆိုပါတယ်။ အဲဒီသူတွေထဲမှာ တက္ကသိုလ်ပါမောက္ခတွေနဲ့ ညွန်ကြားရေးမှူး အဆင့်တွေလည်း ပါဝင်ပြီး အများအပြားက CDM မှာပါဝင်နေကြပြီလို့ သိရပါတယ်။

အခြေအနေအကြောင်း အမျိုးမျိုးအရ နာမည်မဖော်လိုတဲ့ ထိပ်တန်းပညာရှင်တဦးက သူတို့ တောင်ကိုးရီးယားကို ရောက်နေချိန်မှာ အကြောင်းအကျိုး ခိုင်လုံခြင်း မရှိပဲ စစ်တပ်က အာဏာသိမ်းတဲ့သတင်းကို ကြားရတဲ့အတွက် ခံပြင်းမှုနဲ့အတူ ဒီအပြုအမူကို လက်မခံဖို့ သူနဲ့ တခြားပညာသင်တချို့က ဆုံးဖြတ်ခဲ့ကြတယ်လို့ RFA ကိုပြောပါတယ်။

“သူတို့လက်အောက်မှာ မလုပ်ဘူးဆိုရင် ဒီယန္တရားကြီးက ပြိုလဲသွားနိုင်တယ်၊ အဲဒီတော့ မတရားတဲ့သူရဲ့အောက်မှာ ကျနော်တို့က အလုပ်မလုပ်နိုင်ဘူးဆိုတဲ့ ခံယူချက်။ အဲဒီခံယူချက် နဲ့ အတူ သူတို့ဆီက ဘာညွှန်ကြားချက်ဘဲ လာပါစေ၊ ဒါတွေကို ပြန်ပြီး တုံ့ပြန်ခြင်း အရေးတယူဆောင်ရွက်ခြင်း နာခံခြင်း မလုပ်ဘူးဆိုတဲ့ ခံယူချက်တွေနဲ့ ကျနော်တို့က ဒီ CDM ကို ဝင်ခဲ့တာ။”

သူတို့အခု ဘာတွေလှုပ်ရှားနေကြပါသလဲ။

“ဒီနိုင်ငံမှာတင်မဟုတ်ဘူး တခြားနိုင်ငံမှာရှိတဲ့ ကိုယ်တွေနဲ့စိတ်တူ CDM လုပ်နေတဲ့သူတွေအားလုံး စုစည်းပြီး နှီးနှောဖလှယ်ကြတယ်။ အဓိကကတော့ မြန်မာပြည်ထဲက CDM လုပ်နေတဲ့သူတွေ၊ ခက်ခဲသူတွေကို နောက်ကွယ်ကနေ ပံ့ပိုးနိုင်အောင် ရန်ပုံငွေတွေ ကောက်ခံတာမျိုး၊ အဖွဲ့လေးတွေ ချိတ်ဆက်ပေးတာမျိုး လုပ်နေပါတယ်။ တဖက်မှာလဲ ကျနော်တို့ရဲ့စာ မလစ်ဟင်းရအောင် လိုအပ်တဲ့ သတ်မှတ်ချက်တွေ ပြည့်မှီရအောင်လို့ တဖက်က လုပ်နေရသလို NUG အစိုးရအောက်က သက်ဆိုင်ရာဝန်ကြီးဌာနက ဝန်ကြီးတွေနဲ့ မကြာမကြာ Zoom meeting လိုမျိုးတွေ ဆက်သွယ်ဆောင်ရွက်တယ်။ NUG အောက်မှာလဲ လုပ်ငန်းဆောင်ရွက်ဖို့ လိုအပ်လာပြီဆိုရင် ကျနော်တို့က ပူးပေါင်းဆောင်ရွက်ဖို့ အသင့်ရှိပါတယ်။”

သူတို့ကို CDM မှာပါဝင်ခြင်းမပြုဖို့ စစ်ကောင်စီကဖိအားပေးနေတဲ့အတွက် ပေါ်ပေါက်လာနိုင်တဲ့ အရေးယူမှုတွေအတွက်လည်း စဉ်းစားထားကြတယ်လို့ ပြောပါတယ်။

“သူတို့တွေ အဲလို အရေးယူမယ်ဆိုရင်တောင် ကျနော်တို့က refugee ခံယူပြီးတော့မှ အနိုင်ရတဲ့အထိ ဆက်ပြီးတိုက်မယ်ဆိုတဲ့ စိတ်ထားမျိုးတွေ ကျနော်တို့ CDM လုပ်နေသူအားလုံးမှာ အဲဒီစိတ်ရှိတယ်။ ဒါပေမဲ့ တနိုင်ငံ နဲ့ တနိုင်ငံ မတူကြတော့ ကိုးရီးယားဆိုရင် တကယ့်ကို strong support လုပ်ပေးတယ်၊ ဗီဇာတွေ ပတ်စ်ပို့တွေ သက်တမ်းကျော်သွားရင် သူတို့က အေးချမ်းတဲ့အထိ လက်ခံပေးမယ်ဆိုတဲ့ အနေအထားရှိတယ်။ ဒါပေမဲ့ အဲလိုမျိုး တခြားနိုင်ငံတွေမှာ မရှိတော့ တခြားနိုင်ငံတွေက အဲဒါတွေအတွက် နဲနဲ ခက်ခဲတာပေါ့။ တချို့က ဒီနှစ်ကျောင်းပြီးမဲ့သူ ရှိမယ် နောက်နှစ်ကျောင်းပြီးမဲ့သူရှိတယ် ဆိုတော့ ဒီမှာနေမယ်ဆိုရင်လဲ ကျောင်းပြီးသွားတော့ သူတို့အတွက် စကောလားရှစ်တွေ မရှိတော့ဘူး။ ထောက်ပံ့တာလည်း မရှိတော့ဘူး။ ဘာဘဲဖြစ်ဖြစ် ဒီတိုက်ပွဲကြီးပြီးမှ ပြန်မယ်။ ဒီမိုကရေစီအောင်မြင်တဲ့အချိန်ကျရင်တော့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေမှာ အားတက်သရော ကူညီဆောင်ရွက်ဖို့ ကျနော်တို့ စိတ်ကူးအများကြီးရှိပါတယ်ခင်ဗျ။”

ဆိုးလ်မြို့ရောက်နေတဲ့ တခြား ပညာတော်သင်အရာရှိတဦးကလည်း မြန်မာပြည်ရဲ့ GDP စီးပွားရေး တိုးတက်မှုနှုန်း မြင့်မားလာနေချိန်မှာ အာဏာသိမ်းခံရတဲ့အတွက် အင်မတန် နစ်နာခဲ့ရတယ်လို့ ပြောပါတယ်။

“ကျနော်အရင်တုန်းက NLD အစိုးရလက်ထက်မှာ တိုးတက်တာ နှေးတယ်ပေါ့၊ လုပ်တာကိုင်တာ နှေးတယ်ပေါ့။ ကျနော်အဲလို မြင်ခဲ့မိတယ်။ ဒါပေမဲ့ ကျနော်နိုင်ငံခြားရောက်လာတော့ ကျနော် ပညာသင်နေတဲ့အချိန်မှာကျတော့ နိုင်ငံတကာရဲ့ စီးပွားရေး ဒေတာတွေ အချက်အလက်တွေကို ကြည့်တော့ မြန်မာနိုင်ငံရဲ့တိုးတက်မှုဟာ အချိန် ၅ နှစ်အတွင်းမှာ အတော်လေးတိုးတက်လာတယ်။ မကြာခင်မှာပဲ developed country အဖြစ်ကိုသွားဖို့ ဦးတည်နေပြီ လမ်းကြောင်းကိုရောက်နေပြီ။ developing country အချင်းချင်းထဲမှာတောင် သူ့ရဲ့တိုးတက်မှုက အရမ်းမြန်နေတယ်ဆိုတာကို သိသိသာသာကြီး တွေ့လာတယ်။ အဲဒါတွေ သိလာတဲ့အချိန်မှာ အဲဒါတွေ နားလည်လာတယ်။ ဒါပေမဲ့ အခုလက်ရှိ သူတို့ စစ်အာဏာသိမ်းလိုက်တဲ့အတွက် အားလုံး အစက ပြန်စရမယ် အဲဒီအတွက် တော်တော်စိတ်မကောင်းဖြစ်မိတယ်။”

ဒါပေမယ့် ဒီမိုကရေစီပြန်ရရင် နှစ်အနည်းငယ်အတွင်း အဖွံ့ဖြိုးဆုံးနိုင်ငံတခု ဖြစ်လာမှာပါ။ ဝန်ကြီးဌာနတွေအတွင်းက မိုးကျရွှေကိုယ်တွေကိုတော့ ဖယ်ရှားဖို့လိုတယ်လို့ သူက သုံးသပ်ပါတယ်။

“ပြည်ပကရင်းနှီးမြှုပ်နှံမှုတွေ နောက်ဆုတ်သွားတာတွေ၊ U.S က ပိတ်ဆို့သွားတာတွေ၊ အများကြီးဘဲ နစ်နာသွားတာပေါ့ တိုင်းပြည်အတွက်။ ဒါပေမဲ့ ဒီမိုကရေစီအစိုးရတက်လာရင် အားလုံးကလဲ ဝိုင်းဝန်းထောက်ပံ့ကြမယ် ကူညီကြမယ်။ အချိန်တော့ နည်းနည်းပေးရလိမ့်မယ်။ တိုင်းပြည်က တော်တော်လေးကို ဖရိုဖရဲဖြစ်သွားတဲ့အတွက်။ လက်ရှိဝန်ကြီးဌာနတွေ အဖွဲ့အစည်းတွေ အကြီးအကဲတွေ ပြန်ပြောင်းရမယ်၊ တကယ်ကတော့ စစ်တပ်က စိမ့်ဝင်နေတဲ့ အရာရှိတွေ ရှိတယ်၊ အဲလိုလူမျိုးတွေ ရှာပြီး အမြစ်ကနေ လှန်မှ ရမယ်။ ဒီလိုတွေ မလုပ်ခဲ့လို့ ဒီလိုစစ်အာဏာသိမ်းတဲ့အချိန်မှာ အဲဒီအကြီးပိုင်း အရာရှိတွေရဲ့ဖိနှိပ်မှုကြောင့်မို့ အလုပ်တွေ ဆင်းတဲ့သူက ဆင်း၊ ဖိနှိပ်မှုတွေ ပရက်ရှာ ဝန်ထမ်းတွေနေအိမ်တွေက ဆင်းခိုင်းတာတွေဖြစ်၊ အဲဒါတွေက စစ်တပ်ရဲ့အရာရှိ အကြီးပိုင်းတွေမှာ ဝင်နေတဲ့အတွက် အဲလိုဖြစ်နေတာ။ ဒါတွေအကုန်လုံးကို လုပ်နိုင်မယ်ဆိုရင် ကျနော်တို့ မြန်မာနိုင်ငံဟာ နှစ်အနည်းငယ်တွင်းမှာ အမြန်တိုးတက်နိုင်တဲ့ နိုင်ငံမှာ ပါလာမယ်၊ ကိုးရီးယားလို Developed country ဖြစ်ဖို့ အလားအလာ အများကြီးရှိတယ်လို့ ထင်ပါတယ်”

CDM ဝင်နေတဲ့ ဝန်ထမ်းတွေရဲ့ အခက်အခဲတွေကို နားလည်ပါတယ်။ ဒါပေမယ့် ဆက်ပြီး အားတင်းထားကြပါလို့လည်း အဲဒီ အစိုးရအရာရှိက တိုက်တွန်းခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။