သပိတ်စစ်ကြောင်းမှာ ပါဝင်ခဲ့သူ တိုက်ခန်းပြန် အတောင်းခံရ


2015.03.30
suponchit-305.jpg မစုပုံချစ် ပုံ
Photo: Su Pon Chit Facebook

ကိုယ်ခန္ဓာမသန်စွမ်းပေမဲ့ ပညာထူးချွန်သူ မစုပုံချစ်ကို သက်ဆိုင်ရာက နေထိုင်ခွင့်ပေးထားတဲ့ တိုက်ခန်းကနေ မနက်ဖြန် နောက်ဆုံးထားပြောင်းရွှေ့ပေးဖို့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန က ညွှန်ကြားချက်ထုတ်ပြန်လိုက်ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၈ ရက်နေ့က အမျိုးသားပညာရေး ဥပဒေပြင်ဆင်ရေး သပိတ်မှောက်နေတဲ့ ဧရာဝတီကျောင်းသားသပိတ်စစ်ကြောင်းမှာ ပါဝင် ခဲ့ပြီးတဲ့နောက် အခုလို အမိန့်ထုတ်ပြန်ခဲ့တာလို့ မစုပုံချစ်က ပြောပါတယ်။

"ဖေဖော်ဝါရီ ၈ ရက်နေ့မှာ ညီမလိုက်တယ်၊ ဖေဖော် ဝါရီ ၉ ရက်နေ့မှာ သတင်းစာမှာပါတယ်၊ ဖေဖော်ဝါရီ ၁ဝ ရက်နေ့မှာ ဒုတိယအကြိမ်စာထုတ်တယ်၊ ညီမ ကတော့ ပတ်သက်မှုရှိတယ်လို့ထင်ပါတယ်၊ သူတို့ရဲ့ အကြောင်းပြချက်ကို သူတို့ပဲသိမှာပေါ့နော်၊ ညီမက သူတို့အကူအညီတောင်းတဲ့ ကိစ္စတွေအကုန်လုံးကို ဒီဇင်ဘာ ၆ ရက်နေ့ ညနေ ၅ နာရီအထိ ညီမလုပ်ပေးခဲ့တယ်၊ ဒါပေမဲ့ ညီမ ဒီဇင်ဘာ ၇ ရက်နေ့မှာ အိမ်ပြန်တယ်၊ ဒီဇင်ဘာ ၈ ရက်နေ့မှာ ညီမကို ဒီလိုသိမ်းတဲ့အတွက်ကြောင့်မို့ ညီမခုချိန်အထိ နားမလည်နိုင်သေးဘူး၊ သူတို့လုပ်ခိုင်းတဲ့ အလုပ်တွေ လုပ်ပေးပြီးတဲ့အချိန်မှာပဲ သူတို့ကညီမကို အိမ်ခန်းကို ပြန်အပ်နှံခိုင်းတာပေါ့နော်"

သူ့ကို လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက လွန်ခဲ့တဲ့ ၂၀၀၅ ခုနှစ်ကစပြီး ရွှေဂုံတိုင်ကလေးပြုစုစောင့်ရှောက်ရေးဝင်းထဲမှာ နေထိုင်ခွင့်ပေးခဲ့တာ ဖြစ်ပါတယ်။
မစုပုံချစ် ဟာ ကြို့ကုန်းနည်းပညာတက္ကသိုလ်မှာ ဘွဲ့လွန်ပညာသင်ကြားနေဆဲဖြစ်ပြီး သြစတြေးလျနိုင်ငံ ဆစ်ဒနီတက္ကသိုလ်ကလည်း မဟာသိပ္ပံဘွဲ့ ရရှိခဲ့သူဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလက တိုက်ခန်းကိုပြန်လည်ပေးအပ်ဖို့ ပထမအကြိမ် သတိပေးစာထုတ်ပြန်ပြီးကတည်းက မစုပုံချစ်က ညောင်တုန်းမြို့မှာ မိဘတွေနဲ့အတူ ပြန်လည်နေထိုင်နေတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။