မင်းပြားမြို့နယ် ရွှေကျင်ကျေးရွာအနီးမှာ တိုက်ပွဲဖြစ်


2019.06.18
rakhine-army-622.jpg ရခိုင်ပြည်နယ်မှာ ကင်းလှည့်နေတဲ့ တပ်မတော်သားတချို့ကို တွေ့ရစဉ်
Photo: AFP

ရခိုင်ပြည်နယ် မင်းပြားမြို့နယ် ရွှေကျင်ကျေးရွာအနီးမှာ ဒီနေ့မနက် ၈ နာရီလောက်ကစပြီး တပ်မတော်နဲ့ AA အဖွဲ့တို့ တိုက်ပွဲဖြစ်ပွားနေတယ်လို့ ကျေးရွာသားတွေက ပြောပါတယ်။

ပစ်ခတ်သံတွေကို မနက် ၉ နာရီလောက်အထိ ကြားနေရဆဲဖြစ်ပြီး ကျေးရွာသားတွေက ဗုံးခိုကျင်းတွေအပြင် အခြားနီးစပ်ရာကျေးရွာတွေ၊ စာသင်ကျောင်းတွေမှာ ခိုလှုံနေရတယ်လို့ ရွာလူကြီးတစ်ဦးက RFA ကိုပြောပါတယ်။

အခုပစ်ခတ်မှုတွေဟာ ရွှေကျင်ကျေးရွာရဲ့အရှေ့ဘက် ၃ ဖာလုံခန့်အကွာ တောစပ်နေရာမှာဖြစ်နေတာဖြစ်တဲ့ အတွက် ကျေးရွာအတွင်း လက်နက်ကျည်တွေ ကျရောက်လာမှာကို စိုးရိမ်နေကြရတယ်လို့လည်း ရွာသားတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ဇွန်လ ၁၆ ရက်နေ့ကလည်း ရွှေကျင်ကျေးရွာနဲ့ ဒိုင်းသားကျေးရွာကြားတနေရာမှာ တပ်မတော်နဲ့ AA အဖွဲ့တို့တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

ဒေသခံတွေရဲ့အဆိုအရ ဒီနေ့တိုက်ပွဲဖြစ်ပွားနေတဲ့ ရွှေကျင်ကျေးရွာအနီးမှာ တပ်မတော်ရဲ့ယာယီတပ်စခန်း တစ်ခုရှိပြီး ဒီနေ့တိုက်ပွဲက အဲဒီတပ်စခန်းရဲ့ ဘယ်လောက်အကွာမှာ ဖြစ်တယ်ဆိုတာကို မသိရသေးပါဘူး။

ဒီကိစ္စနဲ့ ပတ်သက်ပြီး တပ်မတော် ပြောခွင့်ရသူတွေကို RFA က ဆက်သွယ်ခဲ့ပေမယ့် အဆက်အသွယ်မရရှိခဲ့ပါဘူး။

ရက္ခိုင့်တပ်တော် AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ဒီနေ့တိုက်ပွဲဖြစ်ပွားတာ ဟုတ်မှန်ကြောင်းနဲ့ အသေးစိတ် မသိရသေးကြောင်း RFA ကို ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။