အစိုးရတပ်မတော်နဲ့ ကေအိုင်အေ တိုက်ပွဲဖြစ်


2017.07.05
kia-620.jpg KIA တပ်ဖွဲ့ဝင်တချို့ကို တွေ့ရစဉ်
Photo: Kan Thar/ RFA

ကချင်ပြည်နယ် မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ အိုင်လေးတူရွာအနီးက လယ်ကွင်းတွေထဲမှာ ဒီကနေ့မနက်က အစိုးရတပ်မတော်နဲ့ ကေအိုင်အေတို့ တိုက်ပွဲဖြစ်ပွားနေတယ်လို့ သိရပါတယ်။

တိုက်ပွဲတွေကြောင့် အဲဒီရွာအနီးမှာ လယ်ယာလုပ်ကိုင်နေကြတဲ့ ဒေသခံတောင်သူတွေ ရွာဘက် ထွက်ပြေးလာကြ တယ်လို့ အိုင်လေးတူ ရွာသူတစ်ဦး က ပြောပါတယ်။

"သေနတ်သံတွေကြားရတယ်။ လက်နက်ကြီးတွေကောအကုန်လုံး။ လယ်ထွန်ချကြတဲ့တောင်သူတွေ အကုန်လုံး ထွက်ပြေးကြတာပါ့။ ဘယ်လိုလုပ်ကြမလဲမသိတော့ဘူးပါ့။ ဘယ်အချိန်ရောက်မှ သွားပြန်လုပ်ကြမလဲမသိတော့ ဘူးပါ့လေ။ အလုပ်ကျပ်ထားတဲ့အချိန်ဆိုတော့ နောက် ကျတော့မှာလေ စိုက်ပျိုးရေးမှာ။ ဘယ်ဖြစ်စေချင်မှာလည်း ဦးလေးရယ်။ ကျမတို့က ငြိမ်းချမ်းချင်ကြတာပါ့အေး။ ငြိမ်းချမ်းရေးပဲ ရချင်တာပါ"

အိုင်လေးတူရွာ အရှေ့ဘက် နှစ်မိုင်လောက်မှာရှိတဲ့ လယ်တဲတွေအနီးမှာ အစိုးရတပ်မ ၁၀၁ လက်အောက်ခံတပ်နဲ့ ကေအိုင်အေတပ်ရင်း ၆ တပ်သားတွေ တစ်နာရီနီးပါး ပစ်ခတ်မှုဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

အမျိုးသမီးငယ်တစ်ဦး ထမင်းချက်နေတဲ့ တဲအပါအဝင် တောင်သူတွေနေထိုင်တဲ့ လယ်တဲတချို့နားမှာလည်း လက်နက်ကြီးတွေ ကျရောက်ခဲ့တယ်လို့ သိရပါတယ်။

ရွာဘက်ထွက်ပြေးလာသူတွေထဲမှာ ဒဏ်ရာရရှိတာ မရှိပေမယ့် လယ်တဲမှာကျန်ခဲ့သူတွေ ရှိသေးတယ်လို့လည်း ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားတဲ့ အိုင်လေးတူရွာအနီးက နန့်လိတ်ချောင်းအရှေ့ဘက်ကမ်းတဝိုက်မှာ တောင်သူလယ်သမား မိသားစု ၈၀ လောက် လယ်လုပ်ကိုင်နေကြတာဖြစ်ပါတယ်။

မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ အိုင်လေးတူ၊ လောဆွန့်၊ နားလတန်း၊ မပြင်၊ ပန်းလား စတဲ့ ရွာတွေမှာ ရှမ်းတိုင်းရင်းသားတွေအများစု နေထိုင်ကြတာဖြစ်ပြီး လယ်ယာစိုက်ပျိုးရေးကို အဓိကလုပ်ကိုင်ကြတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။