TNLA နဲ့ တိုက်ပွဲဖြစ်တာမရှိကြောင်း တပ်မတော်ပြော

2018-12-25
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
အစိုးရတပ်မတော်သားတချို့ကို တွေ့ရစဉ်
အစိုးရတပ်မတော်သားတချို့ကို တွေ့ရစဉ်
Photo: RFA

ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် ရွှေမော်ရွာအနီး ဒီဇင်ဘာလ ၂၄ ရက်နေ့ မနက်ပိုင်းက မြန်မာ့ တပ်မတော်နဲ့ တအာင်းပလောင်အဖွဲ့ TNLA တို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်ဆိုပြီး TNLA က ထုတ်ပြန်ချက်ဟာ မှားယွင်းကြောင်း တပ်မတော်ဘက်က ဒီနေ့ ပြောပါတယ်။

တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက တပ်မတော်စစ်တိုင်းဒေသကြီး ၅ ခုမှာ စစ်ဆင်ရေးလှုပ်ရှားမှုတွေ ရပ်ဆိုင်းထားမှာဖြစ်ကြောင်း ဒီဇင်ဘာလ ၂၁ ရက်နေ့က ထုတ်ပြန်ထားပြီးဖြစ်ပါတယ်။

ဒါကြောင့် တပ်မတော်က စစ်ရေးလှုပ်ရှားမှု လုံးဝမရှိခဲ့ကြောင်း၊ TNLA အနေနဲ့ အခုလို မထုတ်ပြန်သင့်ဘူးလို့ ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ဆက်ဆံရေးနဲ့ စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှုးရုံး ဒု-ညွှန်ကြားရေးမှုး ဗိုလ်မှူးချုပ် ဇော်လင်းထွန်းက ပြောပါတယ်။

TNLA ရဲ့ သတင်းထုတ်ပြန်ချက်အရ သတင်းမီဒီယာအချို့တို့ကလည်း တိုက်ပွဲဖြစ်ပွားခဲ့တာတွေကို လိုက်လံစုံစမ်းပြီး အတည်ပြုချက်တွေအရ ရေးသားဖော်ပြခဲ့တာတွေလည်း ရှိခဲ့ပါတယ်။

တပ်မတော်အနေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ အပစ်ရပ်ဆိုင်းပြီး ငြိမ်းချမ်းရေးဖြစ်စဉ်ကို ရ အောင်လုပ်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်ချထားပြီးဖြစ်တယ်လို့လည်း ပြောပါတယ်။

တပ်မတော်ဘက်က စစ်ဆင်ရေးတွေ ရပ်ဆိုင်းထားမယ်လို့ ထုတ်ပြန်အပြီး ၃ ရက်အကြာမှာ တိုက်ပွဲဖြစ် ပွားတယ်ဆိုတဲ့ သတင်းထုတ်ပြန်ဖော်ပြမှုဟာ ငြိမ်းချမ်းရေးဖြစ်စဉ်ကို အဟန့်အတားဖြစ်စေတာမို့ ကန့်ကွက်တယ်လို့ ဗိုလ်မှူးချုပ် ဇော်လင်းထွန်းက ပြောပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့