ပညာရေးမူဝါဒရေးဆွဲရေး ပညာရှင်တွေကို ဖိတ်ခေါ်ကမ်းလှမ်း


2014.01.19
yangon-university-305.jpg ရန်ကုန်တက္ကသိုယ် ဘွဲ့နှင်းသဘင်ခန်းမကို တွေ့ရစဉ်
photo: Internet

လာမယ့် ၂၀၁၄ - ၂၀၁၅ ပညာသင်နှစ်အတွက် အခြေခံမူကြို ပညာရေးအဆင့်ကနေ တက္ကသိုလ် ပညာရေးအဆင့်ထိ သက်ဆိုင်တဲ့ "ပညာရေးမူဝါဒ မူကြမ်း" ရေးဆွဲရာမှာ ပြည်တွင်း ပြည်ပပညာရှင်တွေ၊ ပညာရေးအဖွဲ့အစည်းအသီးသီးနဲ့ နိုင်ငံရေးပါတီ ကိုယ်စားလှယ်တွေ ပါဝင်အကောင်အထည်ဖော်ရေး ဆွဲဖို့ ပညာရေးဝန်ကြီးဌာနက ဒီနေ့ ဖိတ်ခေါ်လိုက် ပါတယ်။

ဒီနေ့ ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမမှာ "လက်တွေ့ကျတဲ့ ပညာရေးအဆင့်မြှင့်တင်မှု လုပ်ငန်းတွေ အကောင်အထည်ဖော်ရေး ဆွေးနွေးပွဲ" ကို ပညာရေးဝန်ကြီးဌာနက ကျင်းပခဲ့တာပါ။

နိုင်ငံတကာအဆင့်မီတဲ့ ပညာရေးစနစ်ကို အားလုံးပူးပေါင်း အကောင်အထည်ဖော်ပေးဖို့ ဖိတ်ခေါ်တယ်လို့ မြန်မာနိုင်ငံ ပညာရေးသုတေသနအဖွဲ့ ဦးစီးဌာနက ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ဦးမျိုးသိမ်းကြီးက ပြောပါတယ်။

“တမျိုးသားလုံးက ပူးပေါင်းပါဝင်ဆောင်ရွက်မှာသာ နိုင်ငံတကာ အဆင့်အတန်းမီတဲ့ ပညာရေးစနစ်ကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှာ ဖြစ်တဲ့အတွက်ကြောင့်မို့ အားလုံးက ပူးပေါင်းဆောင်ရွက်ပေးကြပါလို့ လေးစားစွာဖြင့် ဖိတ်ခေါ်ပါတယ်”

၂၀၁၄ -၂၀၁၅ ပညာသင်နှစ်အတွက် အခြေခံပညာကဏ္ဍတွေဖြစ်တဲ့ မူကြို၊ အခြေခံပညာ၊ ဆရာအတတ်ပညာ၊ ကလေးဗဟိုပြုသင်ကြားနည်း၊ သင်ရိုးညွှန်းတမ်း၊ ကျောင်းပြင်ပ ပညာရေး၊ အဆင့်မြင့် ပညာရေးကဏ္ဍ၊ အသက်မွေးဝမ်းကျောင်း ပညာရေးကဏ္ဍ၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တော၊ ဆေးပညာစတဲ့ ပညာရေးမူဝါဒလုပ်ငန်းစဉ် မူကြမ်းတွေကို ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမမှာ လာမယ့် ဇန်နဝါရီ ၂၁ ရက်နေ့ကစပြီး အားလုံးပါဝင် ညိနှိုင်းဆွေးနွေးမှာ ဖြစ်တယ်လို့ သိရပါတယ်။

ဒီနေ့ ဆွေးနွေးပွဲကို လွှတ်တော်ကိုယ်စားလှယ်တွေ၊ နိုင်ငံရေးပါတီ ကိုယ်စားလှယ်တွေ၊ တက္ကသိုလ်ဆရာ ဆရာမများအသင်း၊ ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် NNER ပညာရေးမူဝါဒ ညှိနိုင်းရေးအဖွဲ့ ကိုယ်စားလှယ်တွေနဲ့ တခြားပညာရေး အဖွဲ့အစည်းတွေ တက်ရောက်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။