ရခိုင်မှာ စိုက်စရိတ် တိုးချေးမည်


2018.05.17
rakhine-farmers-622.jpg မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ စစ်တွေဘဏ်ခွဲမှာ ၂ဝ၁၈ ခုနှစ် မေလ ၁၇ ရက်နေ့က တောင်သူတွေအတွက် ချေးငွေတွေကို စတင်ထုတ်ချေးတဲ့ အခမ်းအနားကို တွေ့ရစဉ်
Photo: Min Thein Aung/RFA

ရခိုင်ပြည်နယ်မှာ တောင်သူတွေအတွက် အခုနှစ်မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေတွေကို ပြီးခဲ့တဲ့နှစ်ထက် ကျပ်ငွေ ၄ ဘီလီယံကျော် တိုးမြှင့်ပြီးထုတ်ချေးဖို့ ပြင်ဆင်နေပြီး ငွေကျပ် ဘီလီယံ ၉ဝ ထုတ်ချေးဖို့ လျာထားတာဖြစ်ပါတယ်။

အဲဒီလို ထုတ်ချေးပေးနိုင်ဖို့အတွက် ပြည်ထောင်စုအစိုးရက ခွင့်ပြုထားတယ်လို့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ရဲ့ ပြည်နယ်မန်နေဂျာ ဦးအေးသိန်း က ပြောပါတယ်။

"ပိုက်ဆံချေးဖို့အတွက် ရန်ပုံငွေတွေကို စီးပွားရေးဘဏ်ကတဆင့်ပေါ့ ပြည်ထောင်စုအစိုးရရဲ့ ခွင့်ပြုချက်နဲ့ ကျနော်တို့က ချေးယူရတာဖြစ်ပါတယ်"

ရခိုင်ပြည်နယ်မှာ စီမံကိန်းစိုက်ပျိုးမြေ ဧကပေါင်း ၁ သန်းကျော်ရှိတဲ့အနက် ဧကပေါင်း ခြောက်သိန်းလေးထောင်ကျော်အတွက် ကျပ်ငွေဘီလီယံပေါင်း ၉ဝ ကျော်ထုတ်ချေးဖို့ လျာထားတာဖြစ်ပြီး ပြီးခဲ့တဲ့နှစ်ကတော့ ၈၆ ဘီလီယံကျော်သာ ထုတ်ချေးနိုင်ခဲ့တာဖြစ်ပါတယ်။

စိုက်ပျိုးစရိတ်ချေးငွေတွေကို ပြီးခဲ့တဲ့နှစ်က တောင်သူ ၃ ဦးစီပါတဲ့ အစုအဖွဲ့နဲ့ထုတ်ချေးခဲ့ပေမယ့် ဒီနှစ်မှာတော့ အဲဒီစနစ်ကိုဖျက်သိမ်းပြီး တောင်သူတစ်ဦးချင်းစီကို တိုက်ရိုက်ထုတ်ချေးသွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။

တောင်သူတွေအတွက် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေတွေကို ဒီနေ့ကစတင်ပြီး တစ်နိုင်ငံလုံးစတင်ထုတ်ချေးဖို့ ပြည်ထောင်စုအစိုးရက ညွှန်ကြားထားတယ်လို့ သိရပါတယ်။

မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က ထုတ်ချေးထားတဲ့ ချေးငွေတွေကို ပြီးခဲ့တဲ့ ၂ဝ၁၂ ခုနှစ်ကနေ ၂ဝ၁၆ ခုနှစ်ဆောင်းရာသီအထိ ပြန်မဆပ်နိုင်တဲ့ တောင်သူ ထောင့်လေးရာလောက်နဲ့ ကျပ်သိန်းပေါင်း ငါးထောင်ကျော်ရှိတယ်လို့ သိရပါတယ်။

အဲဒီချေးငွေတွေကိုပြန်ဆပ်ဖို့ ဘဏ်ဝန်ထမ်းတွေက စည်းရုံးပြောဆိုနေပေမယ့် အဆင်မပြေတာကြောင့် ချေးငွေ အကြံပေးအဖွဲ့ကိုတင်ပြပြီး ဥပဒေနဲ့အညီ အရေးယူသွားမှာဖြစ်တယ်လို့လည်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ပြည်နယ်မန်နေဂျာ ဦးအေးသိန်းက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။