ဘားအံမှာပြုလုပ်မယ့် KNU မြေယာမူဝါဒ ရှင်းလင်းပွဲ ပြည်နယ်အစိုးရ ခွင့်မပြု


2016.07.18
knu-land-press-620.jpg KNUရဲ့ မြေယာမူဝါဒဆိုင်ရာ ရှင်းလင်းပွဲကို မေလ ၂၅ ရက်နေ့က ရန်ကုန်မြို့ Summit Park View ဟိုတယ်မှာ ကျင်းပနေစဉ်
Photo: Kyaw Lwin Oo/ RFA

အပစ်ခတ်ရပ်စဲရေး သဘောတူ လက်မှတ်ထိုးထားတဲ့ လက်နက်ကိုင် အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ KNU ကရင် အမျိုးသားအစည်းအရုံးရဲ့ မြေယာမူဝါဒ ရှင်းလင်းပွဲကို ဘားအံမြို့မှာ ဒေသခံပြည်သူတွေကို ချပြဆွေးနွေးဖို့ KNU ရဲ့ တင်ပြချက်ကို ကရင်ပြည်နယ်အစိုးရက ခွင့်မပြုနိုင်ခဲ့ဘူးလို့ သိရပါတယ်။

KNU ရဲ့ မြေယာမူဝါဒ ရှင်းလင်းပွဲကို ဇူလိုင်လ ၁၇ ရက် မနေ့က ဘားအံမြို့ သုမေဓါ ကြားတောရကျောင်းတိုက်မှာ ကျင်းပဖို့ KNU ကရင်စည်းလုံးရေးနဲ့ ငြိမ်းချမ်းရေးကော်မတီ၊ ကရင်ပြည်နယ် အဖွဲ့ခွဲ ခေါင်းဆောင်ကနေ ပြည်နယ် အစိုးရကို စာနဲ့ မေတ္တာရပ်ခံ တင်ပြခဲ့တာဖြစ်ပြီး ဒီတင်ပြချက်ကို ပြည်နယ်ဝန်ကြီးချုပ်ကိုယ်စား ပြည်နယ်အစိုးရအဖွဲ့ ညွန်ကြားရေးမှူး ဦးဇော်လွင်ဦးက  ခွင့်မပြုနိုင်ကြောင်း ဇူလိုင် ၁၅ ရက်နေ့က လက်မှတ်ထိုးအကြောင်းပြန်ခဲ့တာဖြစ် ပါတယ်။ ဦးဇော်လွင်ဦးက RFA ကို ခုလိုပြောပြပါတယ်။

"မြေယာနဲ့ပတ်သက်လို့ သူတို့စိုးမိုးတဲ့နယ်မြေမှာ သူတို့ဘာသာသူတို့ စီမံခန့်ခွဲနေတာလေးတွေရှိတယ်၊ ဒါတွေနဲ့ ပတ်သက်လို့ ကျနော်တို့က ဘာမှမပြောဘူး၊ သို့သော်လည်း ကျနေ်ာတို့ရဲ့ အုပ်ချုပ်ရေးအာဏာ သက်ရောက် တဲ့ဒေသတွေမှာတော့ နိုင်ငံတော်က ပိုင်ဆိုင်တဲ့မြေတွေအားလုံးကို ၂ဝ၁၂ ခုနှစ် လယ်ယာမြေဥပဒေနဲ့အညီ စီမံခန့်ခွဲနေတဲ့အပေါ်မှာ သူတို့ကြီးစိုးတဲ့နယ်မြေအပေါ်မှာတော့ ဘာမှပြောစရာမရှိဘူးပေါ့၊ ကရင်ပြည်နယ် အစိုးရအဖွဲ့ ရုံးစိုက်တဲ့နေရာမှာလာပြီးတော့ KNU ရဲ့ မြေယာမူဝါဒတွေ ချပြရှင်းလင်းတာကျေျတာ့ အဲ့ဒါသိပ် မသက်ဆိုင်ဘူးလို့ ယူဆတာပေါ့ဗျာ၊ အဲ့ဒါကြောင့်မို့ ဒီမှာခွင့်မပြုပါဘူးဆိုတာ အကြောင်းပြန်တာပါ၊ သူ့ဘာသာသူ ကျန်တဲ့နေရာမှာ လုပ်တာတွေ ဆွေးနွေးတာတွေထားလိုက် ကျနော်ဘာမှမပြောပါဘူး"

ကရင်ပြည်နယ် အစိုးရအနေနဲ့ မြေယာများကို မြေယာလုပ်ထုံးလုပ်နည်းနဲ့အညီ စီမံဆောင်ရွက်လျက်ရှိတယ်လို့ ဆိုပါတယ်။

ခုလို KNU အဖွဲ့ရဲ့ တင်ပြချက်ကို ပြည်နယ်အစိုးရက ငြင်းပယ်ခဲ့ပေမဲ့ ကရင်ပြည်နယ်အစိုးရနဲ့ တပ်မတော်အနေနဲ့ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးထားတဲ့ ကရင်အမျိုးအသားအစည်းအရုံး KNU အဖွဲ့နဲ့ နွေးထွေးတဲ့ ဆက်ဆံရေးရှိနေတာကြောင့် ပြဿနာတစ်စုံတရာ တက်စရာမရှိဘူးလို့ ဦးဇော်လွင်ဦး က ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။