ရေဦးမှာ တူမီးသေနတ်သမားတွေနဲ့ ရဲတွေ အပြန်အလှန်ပစ်ခတ်လို့ တစ်ဦးစီ သေဆုံး

2021-07-08
Share
ရေဦးမှာ တူမီးသေနတ်သမားတွေနဲ့ ရဲတွေ အပြန်အလှန်ပစ်ခတ်လို့ တစ်ဦးစီ သေဆုံး ရေဦးမြို့မှာ ၂၀၂၁ မတ် ၂၇ ရက်နေ့က စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြကြတဲ့ မြင်ကွင်း
Photo CJ
စစ်ကိုင်းတိုင်း ရေဦးမြို့နယ် မကျီးတောရွာနဲ့ မူးမြစ်ကူး ချဉ်းကပ်လမ်းဆုံကြားမှာ ဇူလိုင်လ ၇ ရက် မနေ့ည ၁၀ နာရီကျော်လောက်က ကင်းလှည့်နေတဲ့ ရဲကားတစ်စီး မိုင်းခွဲတိုက်ခိုက်ခံရပြီးနောက် တူမီးသေနတ်သမား ငါးဦး နဲ့ ကားပေါ်ပါလာတဲ့ ရဲတွေ အပြန်အလှန်ပစ်ခတ်ခဲ့ကြရာမှာ ရဲတစ်ဦးနဲ့ တူမီးသေနတ်သမားတစ်ဦး သေဆုံး သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
 
ရဲကားမိုင်းခွဲခံရပြီးနောက် ဆက်မောင်းလို့မရဘဲ ရပ်သွားရာကနေ အပြန်အလှန်ပစ်ခတ်ခဲ့ကြတာလို့ လုံခြုံရေး အရ အမည်မဖော်လိုတဲ့ ရေဦးမြို့ ဒေသခံတစ်ယောက်က RFA ကို ပြောပါတယ်။
 
“မူးမြစ်ကူးတံတားနားမှာ သံလမ်းရှိတယ်။ သံလမ်းက မြင့်တော့ အဲဒါကိုအကာကွယ်ယူပြီး တူမီးသမားက ပစ်တာ။ ရဲတွေက ဘာမှမမြင်ရဘဲ အသံကြားတဲ့ဘက် အတွဲလိုက်ရမ်းပစ်တော့ တူမီးသမားတွေဘက်က တစ်ယောက်ထိသွားတယ်။ မနက်ကထိတော့ အလောင်းလာ မကောက်သေးဘူး။ အခုသေဆုံးသူ ဘယ်သူ လဲဆိုတာ ရဲတွေ လိုက်စုံစမ်းနေတယ်”
 
တူမီးသေနတ်သမားတွေဘက်က တစ်ဦး သေဆုံးသွားခဲ့ပေမယ့် ကျန်လေးဦးကတော့ လွတ်မြောက်သွားတယ် လို့ ဆိုပါတယ်။
 
ရဲတွေဘက်ကလည်း ရဲတပ်သား မျိုးဇော်ဆိုသူ သေဆုံးခဲ့ပြီး နောက်ထပ် ရဲနှစ်ဦး ထိခိုက်ဒဏ်ရာရသွားတယ် လို့လည်း ဒေသခံတွေက ပြောပါတယ်။
 
ရေဦးမြို့မှာ မနေ့ကပစ်ခတ်မှုဟာ ပထမဆုံးဖြစ်စဉ်ဖြစ်ပါတယ်။
 
ရေဦးမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) ကို တရားဝင်ဖွဲ့စည်းထားတာ မရှိသေးလို့ မနေ့က ရဲကားကိုတိုက်ခိုက်ခဲ့တဲ့ တူးမီးသေနတ်သမားတွေဟာ ဘယ်အဖွဲ့ကလဲဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့