H1N1 ကြောင့် ကလေးငယ်တစ်ဦး ထပ်မံသေဆုံး
2017.08.17
ရာသီတုပ်ကွေး H1N1 ရောဂါပိုးကြောင့် ဒီနေ့မှာ ၅ နှစ်အရွယ် ကလေးငယ် ၁ ဦး ထပ်မံသေဆုံးပြီး ရောဂါပိုး ကူးစက်ခံရသူ ၁၅ ဦး ထပ်တိုးလာတယ်လို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနက သိရပါတယ်။
ဇူလိုင်၂၁ ရက်ကနေ ဒီနေ့အထိ စာရင်းအရ ရာသီတုပ်ကွေး H1N1 ရောဂါပိုးကြောင့် သေဆုံးသူ ၂၇ ဦရှိပြီး ရောဂါ ပိုးတွေ့ရှိသူ စုစုပေါင်း ၂၇၇ ဦးရှိပြီလို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သန်းထွန်းအောင်က ပြောပါတယ်။
"သေဆုံးတစ်ဦး တိုးတာပေါ့နော်၊ ပိုးတွေ့ထပ်ပြီးတော့ ဒီနေ့ စစ်ဆေးတဲ့အခါမှာ ထပ်မံတွေ့တာက ၁၅ ဦး ထပ်တွေ့တာပေါ့၊ သူလည်းရာသီတုပ်ကွေးက သွေးလွန်တုပ်ကွေးလိုပဲ နှစ်စဉ်နှစ်စဉ်တော့ ပုံမှန်အတိုင်း နိုင်ငံရဲ့ လူတွေရဲ့ ပတ်ဝန်းကျင်၊ အိမ်နီးချင်းနိုင်ငံ ကမ္ဘာ့နိုင်ငံတွေရဲ့ပတ်ဝန်းကျင် ဘယ်နိုင်ငံဖြစ်ဖြစ်ပေါ့ လူတွေရဲ့ ပတ်ဝန်းကျင်မှာရှိနေတော့ ရာသီချိန်လေးပေါ့ မိုးများမယ်၊ လူစုလူဝေးများမယ်၊ လိုက်နာဆောင် ရွက်မှုလေးတွေ အားနည်းမယ်ဆိုရင်တော့ ဒါလေးတွေက ဖြစ်တတ်တယ်၊ အဲဒီတော့ ဒါကကျန်းမာရေးဌာန တစ်ခုတည်း လုပ်လို့မရဘူး၊ အားလုံး ပါဝင်လှုပ်ရှားရမယ်၊ မိသားစုတစ်ဦးချင်းက လိုက်နာရမယ်၊ ချောင်းဆိုး တာကို အုပ်ဆိုးရမယ်တို့၊ လက်ဆေးရမယ်၊ လူစုလူဝေးရှောင်ရမယ်၊ နေမကောင်းရင် အိမ်မှာပဲနေပါတို့ ဒါတွေက လိုက်နာဖို့လိုပါတယ်"
ရာသီတုပ်ကွေး H1N1 ရောဂါပိုးနဲ့ ဒီနေ့မှာ ထပ်မံ သေဆုံးသွားသူတစ်ဦးက ဧရာဝတီတိုင်း ဟင်္သာတမြို့နယ် ကဖြစ်ပြီး အသက် ၅ နှစ်အရွယ် ယောကျ်ားလေး ဖြစ်တယ်လို့ သိရပါတယ်။
မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ကချင်နဲ့ ကယားကလွဲပြီး ကျန်တဲ့တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ ရာသီတုပ်ကွေး H1N1 ရောဂါပိုးတွေ့ရှိသူတွေနဲ့ သေဆုံးသူတွေရှိနေပြီး သေဆုံးသူတွေထဲမှာ ဧရာဝတီတိုင်းက အများဆုံးဖြစ်နေပါတယ်။
ရာသီတုပ်ကွေးရောဂါ H1N1 ဟာ ပြီးခဲ့တဲ့ ၅ နှစ်တာကာလထက် ဖြစ်ပွားနှုန်း ၂ ဆကျော်ရှိတဲ့အတွက် ထူးကဲအဆင့် outbreak လို့ သတ်မှတ်ထားတယ်လို့လည်း ပြည်သူ့ကျန်းမာရေး ဦးစီးဌာနက သိရပါတယ်။









