မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံရုံးအကြီးအကဲ တာဝန် ရုတ်တရက်ရပ်ဆိုင်း
မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံရုံးယာယီတာဝန်ခံ Pete Vowels က မြန်မာပြည်က သူ့ရဲ့လုပ်ငန်းတာဝန်တွေကို ရုတ်တရက် ဒီနေ့ရပ်ဆိုင်းလိုက်ရတယ်လို့ သူ့ရဲ့ တွစ်တာစာမျက်နှာမှာ ရေးသားလိုက်ပါတယ်။
သူ့ကို စစ်ကောင်စီက မြန်မာပြည်က ထွက်ခွာဖို့ ဖိအားပေး ညွှန်ကြားခဲ့မှုအတွက် စိတ်မကောင်းဖြစ်ရကြောင်း၊ ဒါပေမဲ့ သူတို့ရဲ့ ရက်စက်တဲ့ အာဏာသိမ်းမှုကို တရားဝင်အသိအမှတ်ပြုဖို့ ဖိအားပေးခံခဲ့ရတာကို မိမိတို့ ငြင်းဆန်နိုင်ခဲ့တဲ့အတွက် ဝမ်းသာမိပါတယ်လို့ Mr Vowels က တွစ်တာက ပြောကြားလိုက်ပါတယ်။
သူအခုလို ထွက်ခွာခဲ့ရပေမယ့် မြန်မာပြည်မှာ ကျန်ခဲ့တဲ့ သူ့အဖွဲ့သားတွေက တရားမျှတမှု၊ လွတ်လပ်မှုနဲ့ ငြိမ်းချမ်းမှုကလွဲလို့ တခြားဘာကိုမှ လိုလားခြင်းမရှိတဲ့ မြန်မာပြည်သူတွေအတွက် တတ်နိုင်သမျှ ဆက်လက်ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။
Pete Vowels ဟာ ၂ဝ၂၁ ခုနှစ် သြဂုတ်လက စတင်ပြီး မြန်မာနိုင်ငံမှာ တာဝန်ထမ်းဆောင်ခဲ့တာ ဖြစ်ပါတယ်။









