မင်းပြားမြို့နယ်မှာ ကျေးရွာတွေ ရေနစ်မြုပ်


2018.06.14
rakhine-fire-force-622.jpg ရေကြီးမှုတွေဖြစ်ပေါ်နေတာကြောင့် မင်းပြား၊ မြောက်ဦး၊ ကျောက်တော် မြို့တွေမှာ မီးသတ်တပ်ဖွဲ့က ကားတွေနဲ့လှည့်လည်ပြီး သတိပေးကြေညာနေတာကို ၂ဝ၁၈ ခုနှစ် ဇွန်လ ၁၃ ရက်နေ့က တွေ့ရစဉ်
Photo: Rakhine Fire Force - facebook

ရခိုင်ပြည်နယ်မှာ မိုးအဆက်မပြတ်ရွာသွန်းနေတာကြောင့် မင်းပြားမြို့နယ်အတွင်းက ကျေးရွာပေါင်း ၄၄ ရွာ ရေနစ်မြုပ်နေပါတယ်။

ဒေသခံတွေ ဘေးလွတ်ရာကို ပြောင်းရွှေ့ဖို့အတွက် ဆက်သွယ်ညွှန်ကြားထားတယ်လို့ မင်းပြားမြို့ ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သိန်းထွန်း က ပြောပါတယ်။

"ကျနော်တို့က ဒီမိုးစရွာတဲ့အချိန်ကတည်းက ရေကြီးတာ သတိပြုဖို့အတွက် အမြဲတမ်းညွှန်ကြားနေပါတယ်၊ ဖုန်းနဲ့လည်း အဆက်အသွယ်မပြတ်ပါဘူး၊ ရွာတာဝန်ခံတွေ၊ အုပ်ချုပ်ရေးမှူးတွေနဲ့ ဆက်သွယ်ပြီး အမြဲတမ်း ညွှန်ကြားနေပါတယ်ခင်ဗျ၊ ဒီမှာ အမိုးအကာအဖြစ် တာလာပတ်နဲ့ အသင့်စားခေါက်ဆွဲခြောက်တွေ၊ ရေသန့်တွေ စုဆောင်းနေပါတယ်"

မင်းပြားမြို့နယ် မင်းဖူး၊ ကတ်ဖဲ၊ လက်ခုပ်ကျေးရွာတွေက ဒေသခံတွေကို ဇွန်လ ၁၃ ရက်နေ့ကစပြီး ပြောင်းရွှေ့ဖို့ အစိုးရက ညွှန်ကြားထားတာဖြစ်ပါတယ်။ ကျေးရွာတွေအနီးက ချောင်းရေတွေ တဖြည်းဖြည်းမြင့်တက်လာတဲ့ အတွက် နေအိမ်တွေ ရေနစ်မြုပ်ပြီး နီးစပ်ရာတောင်ကုန်းတွေနဲ့ ဘုန်းတော်ကြီးကျောင်းတွေကို ပြောင်းရွှေ့ခိုလှုံနေ ကြရပါတယ်။ အရေးပေါ်အခြေအနေနဲ့ အကူအညီတွေလိုအပ်ရင် သက်ဆိုင်ရာကျေးရွာ အုပ်ချုပ်ရေးမှူးတွေကနေ တဆင့် ဆက်သွယ်ဆောင်ရွက်ဖို့ကိုလည်း အသိပေးကြေညာထားတယ်လို့ ပြောပါတယ်။

လေးမြို့မြစ်ရေဟာ တဖြည်းဖြည်းမြင့်တက်လာနေတဲ့အတွက် မင်းပြားမြို့ပေါ်ရပ်ကွက်တွေမှာလည်း ရေနစ်မြုပ်နေ တာကြောင့် အခြေအနေပေါ်မူတည်ပြီး ဘေးလွတ်ရာကို ပြောင်းရွှေ့ပေးမှာဖြစ်တယ်လို့ ဒုတိယမြို့နယ်အုပ်ချုပ်ရေး မှူး ဦးကျော်သိန်းထွန်းက ပြောပါတယ်။

မိုးအဆက်မပြတ်ရွာသွန်းပြီး ရေကြီးမှုတွေဖြစ်ပေါ်နေတာကြောင့် မင်းပြား၊ မြောက်ဦး၊ ကျောက်တော် မြို့တွေမှာ မီးသတ်တပ်ဖွဲ့က ကားတွေနဲ့လှည့်လည်ပြီး သတိပေးကြေညာတာတွေကိုလည်း မနေ့က စတင်ပြီးဆောင်ရွက်နေ ပါတယ်။

အလားတူ ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်အတွင်းမှာ ပြီးခဲ့တဲ့ ဇွန်လ ၉ ရက်နေ့ကစပြီး မိုးကြီးမူကြောင့် နမ့်ဆန်မြို့ပေါ်ရပ်ကွက်တွေမှာ မြေပြိုပြီး နေအိမ်တွေ ပျက်စီးတာတွေရှိနေပါတယ်။

မြို့ပေါ်ရပ်ကွက်မှာ နေအိမ်ဆယ်လုံးကျော်အထိ ပျက်စီးမှုရှိနေပြီး နမ့်ဆန်မြို့က မြို့မဂိုဏ်းချုပ်ကျောင်း အပါအဝင် ဘုန်းတော်ကြီးကျောင်းသုံးကျောင်း ဘေးပတ်ပတ်လည်မှာ မြေတွေပြိုတာရှိတယ်လို့ နမ့်ဆန်မြို့ မင်္ဂလာရပ်ကွက် မှာနေထိုင်တဲ့ ဦးကြားသီက ပြောပါတယ်။

နှစ်စဉ်မိုးရွာသွန်းတိုင်း မြေပြိုကျမှုတွေရှိနေတာကြောင့် မြေပြိုနိုင်တဲ့ နေအိမ်တွေက ဒေသခံတွေဟာ နီးစပ် ရာဆွေမျိုးတွေရဲ့နေအိမ်မှာ သွားနေရတာတွေရှိပြီး လူထိခိုက်မှုတော့ မရှိဘူးလို့ သိရပါတယ်။ ကျောက်မဲခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန တာဝန်ရှိသူက နေအိမ်တွေပြိုကျပျက်စီးတာတွေရှိရင် ဆက်သွယ်နိုင်ပြီး ပျက်စီးသွားတဲ့ နေအိမ်အမျိုးအစား၊ မိသားစုဦးရေ စာရင်းနဲ့ဒေသဦးစီးအဖွဲ့ထောက်ခံစာနဲ့ ပူးတွဲတင်ပြရ မှာဖြစ်တယ်လို့ ပြောပါတယ်။ နေအိမ်တစ်လုံးလုံး ပြိုကျပျက်စီးသွားတဲ့ မိသားစုတွေအတွက် တစ်အိမ်ထောင်ကို ထောက်ပံ့ရေးပစ္စည်း ၂၂ မျိုးနဲ့အိမ်အမျိုးအစားအလိုက် ထောက်ပံ့ရေးပစ္စည်းတွေ ကူညီပေးသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။