Hi-Mo High-Art ဆံပင်တုစက်ရုံ ဆန္ဒပြ အလုပ်သမား တောင်းဆိုချက်ရရှိ

ရန်ကုန်တိုင်း လှိုင်သာယာ စက်မှုဇုန် အမှတ် (၄) ရှိ Hi-Mo High-Art ဆံပင်တုစက်ရုံက မနေ့က ဆန္ဒပြ အလုပ်သမားတွေ တောင်းဆိုခဲ့တဲ့ အခြေခံလုပ်ခလစာနဲ့ အချိန်ပိုကြေး တိုးပေးဖို့ အပါအဝင် အခြားအလုပ်သမား ရပိုင်ခွင့်တွေကို အလုပ်သမားရုံး တာဝန်ရှိသူတွေက ညှိနှိုင်းဆောင်ရွက်ပေးခဲ့လို့ ဒီကနေ့ မွန်းလွဲပိုင်းမှာ ပြေလည်မှု ရရှိခဲ့တယ်လို့ စုံစမ်းသိရှိရပါတယ်။

2012.05.10
hi-mo-high-art-worker-strike-1-b305 ရန်ကုန်တိုင်း၊ လှိုင်သာယာ စက်မှုဇုန် အမှတ် (၄) ရှိ Hi-Mo High-Art ဆံပင်တုစက်ရုံ အလုပ်သမားများ ၂၀၁၂ ခုနှစ် မေလ ၉ ရက်က ဆန္ဒပြနေကြစဉ်။
RFA

Hi-Mo High-Art ဆံပင်တုစက်ရုံက အလုပ်သမားတွေ တောင်းဆိုခဲ့တဲ့ အလုပ်သမား ရပိုင်ခွင့်တွေကို လုပ်ငန်းရှင်က လိုက်လျောခဲ့ကြောင်း အလုပ်သမား ကြီးကြပ်ရေးရုံးရှေ့မှာ ရောက်နေတဲ့ ဆန္ဒပြ အလုပ်သမတစ်ဦးက အာအက်ဖ်အေကို ပြောပါတယ်။

"ကျွန်မတို့တောင်းဆိုတာ အခြေခံလစာ နည်းပါးမှု၊ အိုတီအတင်းအကြပ် ခေါ်ဆိုမှုပေါ့နော်။ နောက် အလုပ်သမားတွေကို အဓမ္မခိုင်းစေမှု အဲဒါတွေနဲ့ ပတ်သက်ပြီးတော့ တောင်းဆိုခဲ့တာပါ။ အခုဆို အလုပ်သမား တစ်ထောင်ရှစ်ရာရဲ့ တောင်းဆိုတဲ့ အချက် (၇၈) ချက်၊ အားလုံးကို ချုံ့လိုက်တဲ့အခါမှာ (၄၈) ချက်ပေါ့နော်။ အဲဒီ (၄၈) ချက် အားလုံး အောင်အောင်မြင်မြင်နဲ့ ပြီးဆုံးသွားပါပြီ။ အခြေခံလစာက ပထမ (၈၀၀၀) ရှစ်ထောင်ပဲရတာ၊ အခုဆို (၂၂၀၀၀) နှစ်သောင်း နှစ်ထောင် တိုးပေးတာပေါ့နော်။ လစာတိုးတဲ့အတွက် အိုတီကြေးလည်း တိုးတယ်။ အရင်တုန်းက အိုတီကြေး (၇၈) ကျပ်ပဲရပါတယ်။ အိုတီကြေးက (၃၁၄) ကျပ် ဖြစ်သွားတာပေါ့နော်။ အခုတောင်းဆိုတဲ့ အချက်တွေအားလုံး အဆင်ပြေတယ်"

လှိုင်သာယာစက်မှုဇုန် (၃) မှာရှိတဲ့ အလုပ်သမား ကြီးကြပ်ရေးရုံးမှာ စက်ရုံ တာဝန်ရှိသူတွေနဲ့ ဆန္ဒပြ အလုပ်သမားတွေကြား ရန်ကုန်တိုင်း အလုပ်သမားညွန်ကြားမှု ဦးစီးဌာနက တိုင်းမှူးအပါအဝင် အလုပ်ရုံ အလုပ်သမားဥပဒေ စစ်ဆေးရေး ဦးစီးဌာနက ညွန်ချုပ် ဦးဝင်းရှိန်က လာရောက်ညှိနှိုင်း ဖြေရှင်းပေးခဲ့တာလို့ အလုပ်သမားတစ်ဦးက အခုလိုပြောပါတယ်။

"အလုပ်သမား ကြီးကြပ်ရေးရုံးပေါ့။ လှိုင်သာယာစက်မှုဇုန် (၃)၊ ဘယ်သူက ဖြေရှင်းပေးတာလဲဆို လေဘာက ညွှန်ချုပ် ဦးဝင်းရှိန်လို့ ပြောပါတယ်။ အလုပ်သမား (၁၈၀၀) ဝန်းကျင်လောက် ပါပါတယ်"

ကိုရီးယားလူမျိုးပိုင် Hi-Mo High-Art ဆံပင်တုစက်ရုံမှာ အလုပ်သမား (၁၉၀၀) နီးပါးရှိပြီး အလုပ်သမားတွေ တောင်းဆိုမှု မပြုလုပ်ခင်က စက်ရုံမှာ နှစ်ကြီးသမား အလုပ်သမားတွေကို အခြေခံလစာ ကျပ် တစ်သောင်းကျော် ပေးတာဖြစ်ပြီး ကျန်အလုပ်သမားတွေက ရှစ်ထောင်နဲ့ ကိုးထောင်လောက်သာ ရကြတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။