ဟိန္ဒူတွေ မောင်တောမှာ အခက်တွေ့


2018.02.16
hindu-refugees-622.jpg မောင်တောဒေသကနေ ထွက်ပြေးတိမ်းရှောင်လာကြတဲ့ ဟိန္ဒူကလေးငယ်တွေနဲ့ လူကြီးတွေကို စစ်တွေမြို့မှာ တွေ့ရစဉ်
Photo: Min Thein Aung/RFA

ရခိုင်ပြည်နယ် မြောက်ပိုင်း မောင်တောဒေသကနေ ၂ဝ၁၇ ခုနှစ် သြဂုတ်လ စတင်ခဲ့တဲ့ ဆူပူမှုတွေကြောင့် စစ်တွေမြို့ကို သွားရောက်ခိုလှုံခဲ့ကြပြီးနောက် ဒီဇင်ဘာလမှာ မောင်တောမြို့ကို ပြန်လည်ရောက်ရှိလာကြတဲ့ ဟိန္ဒူဘာသာဝင်တွေဟာ မူလနေရပ် ကျေးရွာတွေကို ပြန်ဖို့အတွက် လုံခြုံရေးအခက်အခဲနဲ့ ရင်ဆိုင်နေကြရတယ်လို့ သိရပါတယ်။ လက်ရှိ မောင်တောမြို့မှာ ခေတ္တနေရာချထားပေးတဲ့ အဲဒီ ဟိန္ဒူ ၅ဝဝ နီးပါးကို အာဏာပိုင်တွေက နေရပ်ကျေးရွာတွေပြန်ကြဖို့  ဖိအားပေးနေတယ်လို့ ဆိုပါတယ်။ စစ်တွေက မပြန်ခင်မှာ သူတို့ရဲ့ စားဝတ်နေရေး အတွက် တာဝန်ယူမယ်လို့ အာဏာပိုင်တွေက ပြောဆိုခဲ့ပေမယ့် မောင်တောမြို့ကို ပြန်ရောက်လာပြီးနောက်ပိုင်း စားနပ်ရိက္ခာထောက်ပံ့မှု တစ်ကြိမ်ပဲ ရရှိခဲ့တယ်လို့ မောင်တောမြို့ ဟိန္ဒူဘာသာရေး ကောင်စီ ဥက္ကဌ ဦးနီမောင်က RFA ကို ပြောပါတယ်။

အခုလို စားနပ်ရိက္ခာထောက်ပံ့မှု ရပ်ဆိုင်းတာဟာ သူတို့ကို မောင်တောမှာ ဆက်လက်ပြီး မနေနိုင်အောင် ဖိအားပေးတာဖြစ်တယ်လို့လည်း ဟိန္ဒူခေါင်းဆောင်တွေနဲ့ ဒုက္ခသည်တချို့က RFA ကိုပြောပါတယ်။ ဘာကြောင့် နေရပ်မပြန်လိုကြတာလဲလို့ မေးမြန်းရာမှာ သူတို့ရဲ့ မူလကျေးရွာတွေက ရွာသားအများစုဟာ မွတ်စလင်တွေ ဖြစ်ကြကြောင်း၊  သြဂုတ်လ ပဋိပက္ခတွေမှာ ဟိန္ဒူတွေက သူတို့သတ်ဖြတ်ခံရမှုတွေနဲ့ ပတ်သက်ပြီး ထုတ်ဖေါ် ပြောဆိုခဲ့တာတွေကြောင့် အစိုးရအာဏာပိုင်တွေနဲ့ ပူးပေါင်းဆောင်ရွက်တယ်ဆိုပြီး အစွန်းရောက် မွတ်စလင် တချို့က မကျေနပ်ကြတဲ့အတွက် နေရပ်ပြန်ရင် ရန်ရှာမှာကို စိုးရိမ်နေကြကြောင်း ပြောပါတယ်။

မောင်တောမြို့နယ် လသာရွာက ထွက်ပြေးလာခဲ့ပြီး မောင်တောမြို့က ယာယီ ဒုက္ခသည်စခန်းတစ်ခုမှာ ခိုလှုံနေတဲ့ အမည်မဖေါ်လိုသူ ဟိန္ဒူတစ်ဦးက သူတို့ကို ရွာပြန်မလာနဲ့လို့ တဖက်နိုင်ငံမှာရှိတဲ့ မွတ်စလင် တချို့က တယ်လီဖုန်းနဲ့ ခြိမ်းခြောက်မှုတွေရှိတဲ့အတွက် ရခိုင်တိုင်းရင်းသား အများစု နေထိုင်တဲ့ရွာတွေမှာပဲ နေထိုင်လိုတယ်လို့ ပြောပါတယ်။

ရခိုင်ပြည်နယ် ဟိန္ဒူ ကူညီထောက်ပံ့ရေးအဖွဲ့ ဥက္ကဌ ဦးရာဂူးနေမြင့်ကတော့ အာဏာပိုင်တွေက လုံခြုံရေး အပြည့်အဝ ပေးမယ်ဆိုရင် အဲဒီ သူတွေ နေရပ်ပြန်မယ်လို့ ယူဆကြောင်းနဲ့ လတ်တလောမှာ သူတို့ကို သက်ဆိုင်ရာတွေက အစားအစာနဲ့ ကျန်းမာရေး ကူညီထောက်ပံ့စေလိုကြောင်း ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။