ခါကာဘိုရာဇီ UNESCO စာရင်းဝင်ရေးကိစ္စ နိုင်ငံရေးပါတီ ၄ ခု ကန့်ကွက်


2017.09.22
hkakaborazi-usdp-622.jpg ခါကာဘိုရာဇီ အမျိုးသားဥယျာဉ်တောင်ပိုင်း တိုးချဲ့နယ်မြေအား ကမ္ဘာ့အမွေအနှစ်နယ်မြေများအဖြစ် သတ်မှတ်ရန် ရည်ရွယ်ခြင်းအပေါ် ညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာလ ၂၂ ရက်နေ့က မြစ်ကြီးနားမြို့က ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရုံးမှာ ကျင်းပစဉ်
Photo: Union Solidarity and Development Party facebook

ကချင်ပြည်နယ်၊ ခါကာဘိုရာဇီ အမျိုးသားဥယျာဉ်တောင်ပိုင်းက ဧက ၉၀၀၀၀၀ နီးပါးရှိတဲ့ တိုးချဲ့နယ်မြေကို ယူနက်စကိုရဲ့ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် ထည့်သွင်းနိုင်ရေးအတွက် အစိုးရက ဆောင်ရွက်နေတာကို ကန့်ကွက်ကြောင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီအပါအဝင် ပါတီလေးခုက ဒီကနေ့ ပူးတွဲကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

ပြည်သူတွေရဲ့ ဆန္ဒနဲ့အညီ ဆောင်ရွက်ဖို့ ထုတ်ပြန်ရတာဖြစ်တယ်လို့ အဲဒီပူးတွဲကြေညာချက်ထုတ်ပြန်ရေးအတွက် ပြောရေးဆိုခွင့်ရှိသူ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီရဲ့ နောင်မွန်မြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးချန်တန်ခင်က ပြောပါတယ်။

"အစိုးရရဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး မူဝါဒကို ကန့်ကွက်ဆန့်ကျင်ခြင်း လုံးဝမဟုတ်ဘူး။ ပူးပေါင်း ပါဝင်တယ်။ ပူးပေါင်းပါဝင်လို့ ကျနော်တို့ ခါကာဘိုရာဇီ အမျိုးသားဥယျာဉ်ဒေသကို ကျနော်တို့ မကန့်ကွက် ဘူး။ လက်ရှိတောင်ပိုင်း တိုးချဲ့နယ်မြေဧက ရှစ်သိန်းနီးပါး ၈၉၅၀၄၀ ဧကကိုပဲ ကျနော်တို့ ဒါကို ဒေသခံ ပြည်သူတွေအနေနဲ့လည်း အများကြီး စိုးရိမ်ပူပန်မှုတွေ ရှိနေတာဖြစ်တဲ့အတွက်ကြောင့်မို့ ပြည်သူတွေရဲ့ ဆန္ဒနဲ့အညီသာ ဆောင်ရွက်သင့်တယ်လို့ ကျနော်တို့ကတော့ ဒါတင်ပြရခြင်းဖြစ်ပါတယ်"

ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ၊ တိုင်းရင်းသား စည်းလုံးညီညွှတ်ရေးပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ လီဆူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ စတဲ့ ပါတီလေးခုရဲ့ ပြည်နယ်ခေါင်းဆောင်တွေက လက်မှတ်ရေးထိုးပြီး စုပေါင်းကန့်ကွက်ကြတာပါ။

နိုင်ငံတော်အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီလက်ထက် ၁၉၉၈ ခုနှစ်က သတ်မှတ်ခဲ့တဲ့ ဧက ၉၀၀၀၀၀ ကျော်ရှိတဲ့ ခါကာဘိုရာဇီ အမျိုးသားဥယျာဉ်နယ်မြေကို ကန့်ကွက်တာ မဟုတ်ဘဲ အဲဒီဥယျာဉ်ရဲ့ တောင်ပိုင်းက ဧက ၉၀၀၀၀၀ နီးပါးကို ထပ်မံတိုးချဲ့ ထည့်သွင်းသတ်မှတ်တာကို ကန့်ကွက်တာဖြစ်ပါတယ်။

သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနက အခုနှစ် ဇူလိုင် ၂၈ ရက်နေ့က ပူတာအို၊ မချမ်းဘော၊ နောင်မွန်းမြို့နယ်တို့ပါဝင်တဲ့ ဧရိယာ ၉ သိန်းနီးပါးကို ထပ်မံတိုးချဲ့ပြီး ကမ္ဘာ့အမွေအနှစ်နယ်မြေအဖြစ် သတ်မှတ်ဖို့ ထုတ်ပြန်ခဲ့တာပါ။

အဲဒီလိုထုတ်ပြန်ခဲ့ပြီးနောက်ပိုင်း ဒေသခံတိုင်းရင်းသားပြည်သူတွေက လက်မှတ်ရေးထိုး ကန့်ကွက်ကြသလို အခုရက်ပိုင်းမှာ နိုင်ငံရေးပါတီတွေလည်း ကန့်ကွက်လာကြတာဖြစ်ပါတယ်။

အစိုးရကထုတ်ပြန်ထားတဲ့ နယ်မြေထဲမှာ ဒေသခံတိုင်းရင်းသားပြည်သူတွေ အစဉ်အဆက် လုပ်ကိုင်စားသောက် လာတဲ့ မြေနေရာတွေဆုံးရှုံးမှုရှိတဲ့အပြင် ရှေ့ဆက်ရှင်သန်ရပ်တည်ရမယ့် လူမှုစီးပွားဘဝတွေကိုလည်း ထိခိုက်မှာ ဖြစ်တာကြောင့် ကန့်ကွက်နေကြတာပါ။

အရှေ့တောင်အာရှရဲ့ အမြင့်ဆုံး ခါကာဘိုရာဇီ၊ ဂမ်လန်ရာဇီ၊ ဖုန်ကန်ရာဇီစတဲ့ ဆီးနှင်းဖုံးတောင်ထိပ်၊ တောင်တန်းတွေတည်ရှိရာ ပူတာအိုဒေသမှာ ရှမ်း၊ ရဝမ်၊ လီဆူ၊ ဂျိန်းဖော စတဲ့ တိုင်းရင်းသားပြည်သူတွေ နေထိုင်ကြတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။