ခန္တီးဆေးရုံမှာ လူနာတစ်ဦး အချိန်မီကုသမှုမခံရဘဲ သေဆုံးမှု မိသားစုက တိုင်ကြား


2018.08.08
hkamti-hospital-622.jpg စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့ ပြည်သူ့ဆေးရုံကို တွေ့ရစဉ်
Photo: Aung San Myint

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့ ပြည်သူ့ဆေးရုံက အဝင်တံခါးမကြီးကို ပိတ်ထားခဲ့တဲ့အပြင် လူနာအရေးပေါ် ကုသခံရဖို့ လိုအပ်နေချိန်မှာ ဆရာဝန်တွေ လာရောက်ကြည့်ရှု စစ်ဆေးမှု မလုပ်နိုင်ခဲ့တာကြောင့် အချိန်မီ ကုသမှု မခံရဘဲ အသက် ၂၄ နှစ်အရွယ် ကိုကျော်ဝင်း သေဆုံးခဲ့ပါတယ်။

ဒီသြဂုတ်လ ၃ ရက်နေ့က ဆေးရုံတက်ရောက်ကုသခဲ့ရာမှာ ကြုံတွေ့ခဲ့ရတဲ့ အခြေအနေတွေကို အသက်ဆုံးရှုံးခဲ့သူ ကိုကျော်ဝင်း ရဲ့ ဖခင် ဦးကျော်ငွေ က အခုလို ပြောပါတယ်။

"ဆေးရုံတံခါးမကြီးက အစောင့်လည်းမရှိဘူး။ ပိတ်ထားတော့ အမြန်ဝင်ချင်တာနဲ့ သုံးဘီးသမားက နောက်ဖေး ပေါက်ကနေ သွားခေါ်တော့မှ တံခါးဖွင့်ပေးတယ်။ ကျနော်တို့ ၁ နာရီလောက်ကြာတယ်။ အရေးပေါ်လူနာခန်း ထဲမှာ ပုလင်းကြီး တစ်လုံးချိတ်ပြီး လူနာခန်းဆောင်ကို ကျနော်တို့ ရွှေ့ပါတယ်။ အဖေသား အသက်ရှူ မဝဘူး ဆရာမခေါ်ပေးပါပြောလို့ ကျနော်သွားခေါ်တယ်။ နှစ်ခါသွားခေါ်တော့ နှစ်ခါစလုံးလိုက်မလာဘူး။ သူတို့သွား ခေါ်တဲ့အချိန်နဲ့ ကျနော့်သားဆုံးချိန်က တစ်နာရီခွဲဝန်းကျင်လောက် ကြာတယ်။ နောက်ဆုံး ကျနော့်သားက အသက်ရှူကျပ်ပြီး အဖေ ဆရာမတွေမလာရင်တော့ ကျနော်တော့ အသက်ရှူလို့မရတော့ဘူး။ သွားရတော့မယ်နဲ့ တူတယ်တဲ့"

ဆေးရုံရှေ့ကိုရောက်ရှိချိန်မှာ ဆေးရုံအတွင်းဝင်ဖို့ ၁ နာရီခန့် စောင်ခဲ့ရပြီး လိုအပ်တဲ့ ကုသမှုတချို့ရခဲ့ပြီးနောက် လူနာဆောင်ကို ရွှေ့ပြောင်းထားပြီး အရေးပေါ်ကုသမှု လိုအပ်တာကြောင့် ဆရာဝန်တွေကို သွားခေါ်ရာမှာ ဆရာဝန်တွေရောက်ရှိဖို့ စောင့်ရချိန်က ၁ နာရီခွဲခန့် ကြာမြင့်ခဲ့တယ်လို့ ပြောပါတယ်။

သားဖြစ်သူ အသက်သေဆုံးခဲ့ရတဲ့အတွက် ဖခင်ဖြစ်သူက ဆေးရုံရဲ့ ပေါ့ဆမှုကို အရေးယူပေးဖို့ ကျန်းမာရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေး၊ စစ်ကိုင်းတိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဒေါက်တာ ဇော်ဝင်းနဲ့ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ မြင့်နိုင်တို့ကို ဒီနေ့ တိုင်ကြားစာ ပေးပို့ခဲ့ပါတယ်။

အသက်ဆုံးပါးသွားသူ ကိုကျော်ဝင်းဟာ အစာအိမ်ရောင်နဲ့ နှလုံးအားနည်းဝေဒနာကို ခံစားခဲ့ရတာဖြစ်ပြီး အခု လ ၃ ရက်နေ့ မတိုင်ခင် တစ်ပတ်ခန့်က ခန္တီးဆေးရုံမှာ ရက်အနည်းငယ်ကြာ တက်ရောက်ခဲ့ပြီး ဝေဒနာ သက်သာလာတဲ့ အတွက် ဆေးရုံဆင်းခဲ့ပြီးနောက်  သြဂုတ်လ ၃ ရက်နေ့ မနက် ၅ နာရီခွဲခန့်မှာ ဆေးရုံကို အရေးပေါ် ပြန်တက်ခဲ့တာ ဖြစ်တယ်လို့ ပြောပါတယ်။

ဆေးရုံတံခါးမကြီးကို ပိတ်ထားတဲ့အကြောင်းအရင်းကို ဦးကျော်ငွေက ခန္တီးဆေးရုံအုပ် ဒေါက်တာ လင်းဖြူပြာအောင် ကို မေးမြန်းရာမှာ ဆေးရုံမှာ ဆိုင်ကယ်တွေ ပျောက်တာကြောင့် ဆေးရုံတံခါးဝကို ပိတ်ထားတာလို့ ဆေးရုံအုပ်က ပြန်ဖြေကြောင်း ဦးကျော်ငွေက RFA ကို ပြောပြပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး RFA က ခန္တီးဆေးရုံအုပ် ဒေါက်တာ လင်းဖြူပြာအောင်ကို ဖုန်းနဲ့ ဆက်သွယ်မေးမြန်းရာမှာ အင်တာဗျူးတွေကို ဖုန်းနဲ့ လက်ခံဖြေကြားနိုင်ခြင်းမရှိကြောင်းနဲ့ ခန္တီးဆေးရုံကို ကိုယ်တိုင်ကိုယ်ကျ လာရောက် မေးမြန်းမယ်ဆိုရင် အသေးစိတ်ဖြေကြားပေးမှာ ဖြစ်တယ်လို့ ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။