လက်နက်ကိုင်အဖွဲ့ဖမ်းဆီးသွားတဲ့လူနာ သေဆုံး


2019.03.14
hlamaungwin-corpse-622.jpg မောင်လှမောင်ဝင်းရဲ့ ရုပ်အလောင်းကို တွေ့ရစဉ်
Photo: Min Thein Aung/RFA

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် သပေါ့စာတဲစုကနေ မြောက်ဦးမြို့မှာ ဆေးကုသဖို့လာတဲ့ အသက် ၂၃ နှစ်အရွယ် မောင်လှမောင်ဝင်းဟာ လမ်းမှာ လက်နက်ကိုင်တပ်ဖွဲ့တစ်ခုက ဖမ်းဆီးထားချိန်မှာ သေဆုံးသွားခဲ့ပါတယ်။

သေဆုံးသွားတဲ့ မောင်လှမောင်ဝင်းရဲ့ ရုပ်အလောင်းကို မနေ့ညက မြောက်ဦးဆေးရုံကို ရဲတပ်ဖွဲ့က လာရောက် ပို့ဆောင်ခဲ့တာလို့ သေဆုံးသူရဲ့ မိသားစုဝင်တွေက ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး မြောက်ဦးရဲစခန်း တာဝန်ရှိသူတွေကို RFA က ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေကြားခြင်းမရှိပါဘူး။

သေဆုံးသူရဲ့ ရုပ်အလောင်းကို မိသားစုတွေရဲ့ဆန္ဒအရ သူတို့နေထိုင်တဲ့နေရာဆီကို သယ်မသွားတော့ဘဲ မြောက်ဦးသုသာန်မှာ ဒီနေ့ သဂြိၤုဟ်ခဲ့ပါတယ်။

မင်းပြားမြို့နယ် ပန်းမြောင်းတိုက်နယ် သပေါ့စာတဲစုမှာနေထိုင်တဲ့ မောင်လှမောင်ဝင်းဟာ ငှက်ဖျားရောဂါကြောင့် သတိမေ့သွားရာကနေ မြောက်ဦးဆေးရုံကို မတ်လ ၁၂ ရက်နေ့ညက ပို့ဆောင်ရာမှာ ချောင်းသစ်ကျေးရွာအနီးမှာ ဖမ်းဆီးခံရတာလို့ မိသားစုဝင်တွေကပြောပါတယ်။

အဲဒီနေ့က လူနာလိုက်ပို့တဲ့ မြောက်ဦးမြို့နယ် ကျောင်းတောင်ကျေးရွာက လူ ၆ ဦးနဲ့ မြောက်ဦးကနေ ကားနဲ့လူနာလာခေါ်သူ ၃ ဦးတို့ပါ ဖမ်းဆီးခံရတာဖြစ်ပါတယ်။ ဘယ်တပ်က ဖမ်းဆီးတယ်ဆိုတာ ဆိုတာကိုတော့ အတည်ပြုနိုင်ခြင်းမရှိပါဘူး။

တပ်မတော်က ဖမ်းဆီးသွားတယ်ဆိုတဲ့ ကိစ္စနဲ့ပတ်သက်ပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီးဝင်းဇော်ဦး ကို RFA ဒီနေ့ ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့မရသေးပါဘူး။

သေဆုံးသူရဲ့ဖခင် ဦးကျော်လှသိန်းက သားဖြစ်သူ သေဆုံးတဲ့ကိစ္စအတွက် ဖမ်းဆီးခေါ်ဆောင်သွားတဲ့ တပ်မတော်မှာ တာဝန်ရှိတယ်လို့ပြောပါတယ်။

"အမှန်တကယ်ဆို ကျွန်တော့သားဟာ ဆေးရုံဆေးခန်းကိုသာရောက်ခဲ့ရင် အခုလိုသေဆုံးမှာမဟုတ်ပါဘူး။ ဆေးကုခွင့်သာရခဲ့မယ်ဆိုရင် ပြန်ကောင်းလာမှာပါ။ အခုက ဆေးမကုလိုက်ရဘူး။ အခုဆေးလည်းမကုရဆိုတော့ သူတို့ဖမ်းဆီးသွားလို့ဖြစ်တာ သူတို့အပြစ်ပဲပေါ့"

သေဆုံးသူရဲ့ မိခင်ဖြစ်သူ ဒေါ်ဝေမစိန် ကလည်း အခုလိုပြောပါတယ်။

"အမေတစ်ယောက်ရဲ့ ရင်ထဲမှာ ခံစားနေရပါတယ်။ သားတစ်ယောက်လုံး ဆုံးသွားတာဖြစ်လို့ အမေတစ်ယောက်ရဲ့ရင်ထဲမှာ မခံစားရဘဲ ဘယ်နေပါ့မလဲ"

သေဆုံးသွားတဲ့ မောင်လှမောင်ဝင်းရဲ့ ရုပ်အလောင်းကို မနေ့ညက ရဲတပ်ဖွဲ့က မြောက်ဦးဆေးရုံကို လာရောက်ပို့ဆောင်ခဲ့တယ်လို့လည်းသိရပါတယ်။

အဲဒီလို လာရောက်ပို့ဆောင်ရာမှာ ရဲတပ်ဖွဲ့ ယူနီဖောင်းဝတ်စုံကို ဝတ်ဆင်ထားတာတွေ့ရပြီး မနက်ပိုင်းမှာတော့ အဲဒီဝတ်စုံကို ရဲတွေကပြန်ယူသွားကြတယ်လို့ ဆေးရုံဝန်ထမ်းတစ်ဦးကပြောဆိုပြီး ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ RFA က အသေးစိတ်အတည်ပြုနိုင်ခြင်းမရှိပါဘူး။

သတိမေ့နေတဲ့လူနာကိုပါ ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ကိစ္စနဲ့ပတ်သက်လို့ ကျောင်းတောင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသိန်းရွှေမောင်က အခုလိုပြောပါတယ်။

"အဲဒါကတော့မဖြစ်သင့်ဘူး။ အမှန်တကယ်တော့ ဒီလူနာဆိုရင် လူနာကိုဆေးရုံကိုသွားတယ်ဆိုရင် ဆေးရုံကိုရောက်အောင်ပို့ရမှာ။ ဆေးရုံကိုရောက်တဲ့အခါမှ သူတို့လိုအပ်တာတွေရှိရင်လည်း လိုအပ်တဲ့အတိုင်း၊ သံသယရှိရင်လည်း သံသယအတိုင်း သူတို့အဲဒါကို စစ်ရမှာ။ အခုအဲလိုမဟုတ်ဘဲ ဆေးရုံကိုသွားတဲ့လူနာကို ဆေးရုံကိုမသွားစေဘဲ တပ်ကိုတစ်ခါတည်း လူနာကိုပါခေါ်သွားတယ်ဆိုရင်တော့ သူတို့တကယ်ပဲ လူ့အခွင့်အရေးချိုးဖောက်တယ်လို့ ကျွန်တော်တို့သတ်မှတ်ပါတယ်"

ကျောင်းတောင်ကျေးရွာက လူနာလိုက်ပို့သူ ၆ ဦးနဲ့ လူနာကို ကားနဲ့လာခေါ်သူ ၃ ဦးတို့ပါဖမ်းဆီးခံရတဲ့ ကိစ္စနဲ့ပတ်သက်ပြီး ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ မိသားစုဝင်တွေက မနေ့က ဘယ်မှာထိန်းသိမ်းထားခဲ့တယ်ဆိုတာကို စုံစမ်းလို့မရခဲ့ကြပါဘူး။

ဒီနေ့ မြောက်ဦးရဲစခန်းကို မေးမြန်းစုံစမ်းကြည့်ရာမှာတော့ သူတို့ကို ရဲစခန်းမှာ ထိန်းသိမ်းတယ်ဆိုတာကို တာဝန်ကျရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောဆိုခဲ့ကြောင်း ကျောင်းတောင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသိန်းရွှေမောင်က ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး မြောက်ဦးရဲစခန်းတာဝန်ရှိသူတွေကို RFA က ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေကြားခြင်းမရှိပါဘူး။

မြောက်ဦးမြို့နယ် ကျောင်းတောင်ကျေးရွာဝန်းကျင်ဟာ တိုက်ပွဲဖြစ်ပွားတာမရှိသလို အစိုးရတပ်ဘက်ကလည်း စစ်ရေးလှုပ်ရှားတာတွေမရှိဘူးလို့ ရွာသားတွေကပြောပါတယ်။

သေဆုံးသူ မောင်လှမောင်ဝင်းနဲ့ လူနာလိုက်ပို့သူတွေဟာ နိုင်ငံရေးနဲ့ပတ်သက်ပြီးပတ်သက်မှုမရှိသလို ရက္ခိုင့်တပ်မတော် AA နဲ့လည်း တစ်စုံတစ်ရာပတ်သက်မှုမရှိကြောင်း မိသားစုတွေကပြောပါတယ်။

ဖမ်းဆီးခံနေရတဲ့ မောင်ဇော်နိုင်ဌေးရဲ့ဖခင် ဦးမောင်ကျော်သာ အခုလိုပြောပါတယ်။

"ဘာတစ်ခုမှပြဿနာမရှိတဲ့ကလေးတွေကို ဖမ်းပြီးချုပ်နှောင်ထားတယ်ဆိုတော့ မိဘတွေမှာတော့ စိတ်မကောင်းဘူးပေါ့။ ဒီနေ့အထိ သားဖြစ်သူကိုမတွေ့ရတော့ မိဘမှာတကယ့်ကိုရင်နာမိတယ်"

ဒါပေမဲ့ သူတို့ကို  ဘာကြောင့်ဖမ်းဆီးခေါ်ဆောင်သွားတယ်ဆိုတာကို RFA က ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။

ဒီသတင်းကို RFA သတင်းထောက် ကိုမင်းသိန်းအောင် ပေးပို့တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။