ကျူးကျော်နေရာတွေ ဖျက်ရာမှာ ဘကကျောင်းပါသွား


2017.06.16
hlegu-baka-620.jpg ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် အမြန်လမ်းဘေးက အဖျက်ခံရတဲ့ ဘုန်းတော်ကြီးသင် စာသင်ကျောင်းကို ဇွန်လ ၁၅ ရက်နေ့က တွေ့ရစဉ်
ဓါတ်ပုံ - ဆရာတော် ဦးပညာဝံသ ဖေ့စ်ဘွတ်

ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် အမြန်လမ်းဘေးမှာရှိတဲ့ ကျုးကျော်တဲတွေကို မနေ့က ဖြိုဖျက်ရာမှာ ဘုန်းတော်ကြီးသင် စာသင်ကျောင်းခွဲတစ်ခုလည်း ပါသွားတယ်လို့ အဲဒီစာသင်ကျောင်းကို တည်ဆောက်ပေးတဲ့ ဘာသာသွေးသစ်ပရဟိတအဖွဲ့ ဦးဆောင်ဆရာတော်က မိန့်ပါတယ်။

အဲဒီကျောင်းမှာ စာသင်နေတဲ့ ကျောင်းသားတွေကို စာဆက်ပြီးသင်နိုင်အောင် မန္တလေးတိုင်း ကျောက်ဆည်မြို့ မှာရှိတဲ့ တမုဒ်ရွှေဂူ ပရဟိတ ဘုန်းတော်ကြီးသင်ကျောင်းကို ပို့ပေးဖို့ စီစဉ်နေတယ်လို့ ဘာသာသွေးသစ် ဦးဆောင်ဆရာတော် ဦးပညာဝံသက မိန့်ပါတယ်။

"ဦးဇင်တို့ မန္တလေးတိုင်း ကျောက်ဆည်မြို့က တမုဒ်ရွှေဂူ ပရိယတ္တိနှင့် ပရဟိတ ဘကကျောင်းမှာ ဘုန်းဘုန်း ဆရာတော်တွေနဲ့လည်း လျှောက်ထားပြီးသွားပြီ။ အဲဒီမှာ ကျောင်းအိပ်ကျောင်းစားပေါ့နော်။ အကုန်လုံး လုံခြုံရေးရော ပညာရေးရော၊ ကျန်းမာရေးရော အစစအရာရာ အကုန်တာဝန်ယူပြီးတော့ သားတို့သမီးတို့ ဆက်လက်ပညာသင်ခွင့်ရအောင် ဘုန်းဘုန်းဆောင်ရွက်ပေးမယ်ဆိုပြီးတော့ ကလေးတွေကိုလည်း ဦးဇင်းတို့ မှာတယ်ပေါ့နော်။ တခါ မိဘတွေနဲ့ ညှိနှိုင်းရပါတယ်။ ဦးဇင်းတို့ကို ယုံကြည်စိတ်ချစွာနဲ့ ဦးဇင်းတို့နဲ့ ထည့်လိုက်မယ်ဆိုရင် ဦးဇင်းတို့ တာဝန်ယူပေးချင်ပါတယ်။ ဦးဇင်းတို့နဲ့ ထည့်လိုက်မယ့်ကလေးတွေကို စာရင်းပေးပါဆိုပြီး ဒီနေ့ စာရင်းယူပါတယ်။"

ကျူးကျော်ရပ်ကွက်ထဲမှာ နေထိုင်တဲ့ မိသားစုတွေထဲက စာသင်ရမယ့် ကျောင်းသားအရွယ် ကလေးတွေကို စာဆက်သင်ဖြစ်အောင်လို့ ကျောင်းဆောက်ပြီး ဒီနှစ်စာသင်နှစ်မှာ စပြီးသင်ပေးတာဖြစ်တယ်လို့ သိရပါတယ်။

အဲဒီကျောင်းမှာ KG တန်းကနေ ၇ တန်းအထိ ကျောင်းသားပေါင်း ၁၇၆ ယောက်ရှိပြီး ဆရာမ ၁၂ ယောက်နဲ့ ပညာသင်ကြားတာဖြစ်တယ်လို့ မိန့်ပါတယ်။

အဲဒီ ကျောင်းသားပေါင်း ၁၇၆ ယောက်ထဲကနေ ကျောက်ဆည်မြို့က တမုဒ်ရွှေဂူ ဘုန်းတော်ကြီးသင် စာသင်ကျောင်းမှာ သွားတက်ဖို့အတွက် စာရင်းပေးထားတဲ့ ကျောင်းသားအယောက် ၆၀ လောက်ရှိတယ်လို့လည်း သိရပါတယ်။

အဲဒီစာသင်ကျောင်းဟာ ကျုးကျော်ရပ်ကွက်ထဲမှာ ရှိတာကြောင့် ညွှန်ကြားချက်အရ ဖျက်ခဲ့တာဖြစ်ပြီး ကျောင်း မဖျက်ခင်ကိုလည်း မြို့နယ်ကျေးရွာအုပ်ချုပ်ရေးအဖွဲ့တွေက ကြိုတင်အကြောင်းကြားတယ်လို့လည်း လှည်းကူး မြို့မ ရဲစခန်းမှူး ဒုတိယရဲမှူးမောင်မောင်ဦး က ပြောပါတယ်။

"ကျနော်တို့ သာသနာရေးရယ်၊ ပညာရေးရယ်၊ ထွေအုပ်ရယ် ညှိနှိုင်းပြီးလုပ်တာပါ၊ မြို့နယ်လှည်းကူးထွေအုပ်က အကြောင်းကြားပြီးသားလေ၊ တရားမဝင်နေရာတွေဖြစ်တယ်"

လှည်းကူးမြို့နယ်ထဲမှာ နောက်ထပ် ကျုးကျော်တဲ ၅၀၀ ကနေ ၁ ထောင်ဝန်းကျင်လောက်ကို ဖျက်ဖို့ကျန်နေသေး တယ်လို့လည်း သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။