လယ်သမားအရေး နည်းဥပဒေနှင့် အမိန့်များ အမြန်ထုတ်ဖို့ တိုက်တွန်း


2014.02.17
ushweman-305.jpg ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်း ပုံ
photo: Internet

တောင်သူလယ်သမား အခွင့်အရေးကာကွယ်ရေးနဲ့ အကျိုးစီးပွားမြှင့်တင်ရေး နည်းဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်တွေကို အချိန်မဆွဲဘဲ ထုတ်ပြန်ပေး ဖို့ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းက ဒီနေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ လယ်ယာ စိုက်ပျိုးရေး ဒုတိယဝန်ကြီးကို  တိုက်တွန်းပြောကြား လိုက်ပါတယ်။

ဒီနေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ လွှတ်တော် ကိုယ်စားလှယ်တစ်ဦးက လယ်ယာစိုက်ပျိုးရေး ဒုတိယဝန်ကြီး ဦးအုန်းသန်းကို မေးခွန်းမေး အပြီးမှာ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းက လယ်သမားတွေအရေးအတွက် နည်းဥပဒေနဲ့ အမိန့်ညွှန်ကြားချက်တွေ ထုတ်ပြန်ပေးဖို့ ဝန်ကြီးဌာနကို တိုက်တွန်းခဲ့တာပါ။

တောင်သူလယ်သမား အကျိုးစီးပွား နည်းဥပဒေ၊ အမိန့်နဲ့ ညွှန်ကြားချက်တွေကို လယ်ယာစိုက်ပျိုးရေးဝန်ကြီးဌာန က ထုတ်ပြန်ပေးရမှာ ဖြစ်ပါတယ်။ အဲဒီလို နည်းဥပဒေအမြန်ဆုံး ပြဌာန်းနိုင်ဖို့အတွက် လယ်ယာစိုက်ပျိုးရေး ဝန်ကြီးဌာနနဲ့ လွှတ်တော်ကဖွဲ့စည်းထားတဲ့ တောင်သူလယ်သမား၊ မွေးမြူရေး၊ ဖွံ့ဖြိုးရေးကော်မတီတို့ ညှိနှိုင်းကြဖို့ကိုလည်း လွှတ်တော်ဥက္ကဌက တိုက်တွန်းခဲ့ပါတယ်။

"တောင်သူလယ်သမားများ သဘာဝဘေးအန္တရာယ်ကြောင့်၊ မွေးမြူရေးသမားများ သဘာဝဘေး အန္တရာယ်ကြောင့် ပစ္စည်းဆုံးရှုံးတာ မှန်တယ်ဆိုလို့ရှိရင် သက်ဆိုင်ရာ တာဝန်ရှိတဲ့အဖွဲ့များ စိစစ်ပြီး ထောက်ပံ့ကြေးများ ပေးနိုင်ဖို့အတွက် ဥပဒေနဲ့ ပြဌာန်းထားပြီးဖြစ်ပါတယ်၊ တောင်သူ လယ်သမား အခွင့်အရေးနဲ့ တောင်သူလယ်သမား အကျိုးစီးပွား ကာကွယ်ရေး မြှင့်တင်မှုဥပဒေ ဟာ မြန်မာနိုင်ငံအတွက် အရေးကြီး လိုအပ်တဲ့ဥပဒေ ဖြစ်တဲ့အတွက် ဒီဥပဒေကို အကောင်အထည်ဖော်ဖို့အတွက် ဒီဥပဒေမှာပင် အမိန့် ကြေညာစာ ညွှန်ကြားချက်များကို အချိန်မဆွဲဘဲနဲ့ အချိန်မီ ဆောင်ရွက်ပေးနိုင်မှသာလျှင် ချေးငွေများအပါအဝင် အခြားကိစ္စများ ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်"

ဒီနေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ လွှတ်တော် ကိုယ်စားလှယ်တစ်ဦးက စပါးခင်းတွေ ပျက်စီးတာကြောင့် တောင်သူလယ်သမားတွေ စိုက်ပျိုးစားရိတ်ချေးငွေ အချိန်မီ ပြန်မဆပ်နိုင်တဲ့အတွက် အချိန်နောက်ဆုတ်ပေးဖို့ လယ်ယာစိုက်ပျိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအုန်းသန်းကို မေးခဲ့ပါတယ်။

ဒုတိယဝန်ကြီး ဦးအုန်းသန်းက စိုက်ပျိုးစရိတ်ချေးငွေ ပြန်ဆပ်ရမယ့်အချိန်ကိုတော့ နောက်ဆုတ်ပေးဖို့ မဖြစ်နိုင်ကြောင်း၊ သဘာဝဘေးအန္တရာယ်ကြောင့် ဖြစ်တတ်တဲ့ အကျိုးဆက်တွေအတွက် နိုင်ငံတော်သမ္မတရဲ့ သီးသန့်ရန်ပုံငွေထဲက ထောက်ပံ့ပေးဖို့ ဖြစ်နိုင်ဖွယ်ရှိကြောင်း၊ လယ်ယာစိုက်ပျိုးရေးဝန်ကြီးဌာနက ဘဏ္ဍာရေးဝန်ကြီးဌာနကို တင်ပြထားကြောင်း ပြန်လည်ဖြေကြားခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။