ဟောင်ကောင် လမ်းမတွေပေါ် မှာ ထောင်ချီဆန္ဒပြဆဲ
2014.10.05
သောကြာနေ့ညက အကြမ်းဖက်ခံရပြီး သွေးထွက်သံ ယိုဖြစ်ခဲ့ပေမယ့် ထောင်ပေါင်းများစွာရှိတဲ့ ဒီမိုကရေစီ အရေး ဆန္ဒပြသူတွေဟာ မနေ့ညက ဟောင်ကောင်မြို့ လမ်းမပေါ် ထွက်လာကြပြီး အေးချမ်းစွာ စီတန်းလှည့် လည် ဆန္ဒပြခဲ့ကြပါတယ်။
အကြမ်းဖက်မှုတွေကို တားဆီးအရေးယူပေးဖို့ ရဲတပ်ဖွဲ့က ပျက်ကွက်ခဲ့တဲ့အတွက်အစိုးရ နဲ့ ဆွေးနွေးပွဲကနေ တဖက်သတ်ဖျက်သိမ်း ခဲ့တဲ့ ဟောင်ကောင်ပင်မ ကျောင်းသား သမဂ္ဂအဖွဲ့ဟာ သောကြာနေ့က အဖြစ်ပျက်တွေအပေါ် ရဲတပ်ဖွဲ့က ကိုင်တွယ်ဖြေရှင်းပုံပေါ်မူတည်ပြီး အစိုးရ နဲ့ တွေ့ဆုံဆွေးနွေးမယ်လို့ ပြောကြားလိုက်ပါတယ်။
အစိုးရအနေနဲ့ သောကြာနေ့က အကြမ်းဖက်မှုအပေါ် အလေးနက်ထား ကိုင်တွယ်ဖြေရှင်းတယ် ဆိုတာ ပြသဖို့လိုကြောင်း၊ ကြေးစားဒုစရိုက်သမားတွေကို အခပေးအကြမ်းဖက် ခိုင်းတယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ပြည်သူကို ဖော်ထုတ်ရှင်းပြဖို့လိုကြောင်း ဟောင်ကောင် ကျောင်းသားများသမဂ္ဂအဖွဲ့ချုပ် HKFS က ပြောပါတယ်။
ဟောင်ကောင်မှာဖြစ်ပွားနေတဲ့ ဒီမိုကရေစီအခွင့်အရေးတောင်းဆိုဆန္ဒပြပွဲ နောက်ဆုံးအခြေအနေ တွေနဲ့ ပတ်သက်လို့ ဟောင်ကောင်ပညာရေးတက္ကသိုလ်မှာ လူမှုသိပ္ပံဘာသာရပ်ဆည်းပူးနေတဲ့ မြန်မာကျောင်းသူ မအေးမြတ်စုဝေကို RFA အဖွဲ့သား ကိုကျော်ကျော်အောင်က မနေ့ညပိုင်းက ဆက်သွယ် မေးမြန်းထားပါတယ်။