Coronavirus ကာကွယ်ရေး ဟိုတယ် လုပ်ငန်းရှင်တွေနဲ့ ကျန်းမာရေးဌာန ဆွေးနွေး

ဇာဏီထွဏ်း
2020.01.28

ဟိုတယ်တွေမှာ လာရောက်တည်းခိုတဲ့ ဧည့်သည်တွေထဲကနေ ဖျားနာတာတွေ၊ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံရတယ် လို့ သံသယရှိရင် ကျန်းမာရေးဝန်ကြီးဌာနကို ဆက်သွယ်ဖို့ ကျန်းမာရေးဝန်ကြီးဌာန တာဝန်ရှိသူတွေနဲ့ ဟိုတယ်လုပ်ငန်းရှင်တွေ မနေ့က ဆွေးနွေးခဲ့ကြပါတယ်။

တရုတ်နှစ်သစ်ကူးကာလ စတင်ချိန်ကစပြီး မြန်မာနိုင်ငံကို ဝင်ရောက်လာတဲ့ တရုတ်နိုင်ငံသား ဧည့်သည် ၁ သိန်း လောက်ရှိခဲ့ပြီး နှစ်သစ်ကူးကာလအပြီးမှာတော့ အယောက် လေးသောင်းလောက် လှည့်လည်သွားလာနေကြတယ် လို့ မြန်မာခရီးသွားလုပ်ငန်းအဖွဲ့ချုပ် တာဝန်ရှိသူတွေက ပြောပါတယ်။

တရုတ်နိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံတွေမှာ ကိုရိုနာဗိုင်းရပ်စ် ကူးဆက်ခံရပြီး သေဆုံးတာတွေပါရှိနေ တာကြောင့် မြန်မာနိုင်ငံအတွင်း ဝင်ရောက်နေတဲ့ ဧည့်သည်တွေမှာ ဖျားနာပြီး ရောဂါကူးစက်ခံရတဲ့ လက္ခဏာတွေ ရှိလာရင် အကြောင်းကြားဖို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာသက်ခိုင်ဝင်း က ပြောပါတယ်။

"ဟိုတယ်တွေမှာ လိုက်ကြည့်ဖို့က နည်းနည်းလေးများ အခက်ခဲရှိမလားလို့၊ ဝန်ထမ်းတွေအနေနဲ့ပေါ့ ။ အဲဒီတော့ ဆရာတို့အနေနဲ့ သံသယရှိတယ်ဆိုရင် ပေးထားတဲ့နံပါတ်ရှိပါတယ်။ အဲဒါကို ဆက်သွယ်လိုက်ပါ။ အဓိကက နှစ်ချက်ရှိပါတယ်။ ခရီးသွားတဲ့ History ကို တိတိကျကျသိဖို့ လိုပါတယ်။ ဘယ်ရက်မှာနေခဲ့တယ်။ ဘယ်တွေသွား ခဲ့တယ်၊ မေးပြီး ကျနော်တို့ကို ဆက်သွယ်ပါ။ တကယ်လို့ သံသယရှိလို့ ကျနော်တို့ကို ဆက်သွယ်လာရင် လူနာတင် ယာဉ် လွှတ်ပါမယ်"

တရုတ်နိုင်ငံသားဧည့်သည်တွေ ဝင်ထွက်သွားလာနိုင်တဲ့ လေဆိပ်၊ သင်္ဘောဆိပ်တွေအပြင် နယ်စပ်ဂိတ်တွေမှာ လည်း အပူချိန်တိုင်းတဲ့စက်တွေနဲ့တိုင်းတာနေရာမှာ ကိုယ်အပူချိန်မြင့်တဲ့သူတွေကို သီးခြားခေါ်ထားပြီး သာမန် ကိုယ်အပူချိန်ရှိတဲ့သူတွေကိုတော့ ပေးဝင်ထားတဲ့အကြောင်း၊ အထူးသဖြင့် တရုတ်နိုင်ငံသား ဝူဟန်ကနေ ဝင်ရောက်လာတဲ့သူတွေကို အသေချာစောင့်ကြည့်နေတယ်လို့ ရန်ကုန်တိုင်း ကျန်းမာရေးဦးစီးဌာနကနေ ပြောပါတယ်။

ဖျားနာသူတွေနဲ့ ကိုယ်အပူချိန်မြင့်တက်နေတဲ့ ဧည့်သည်လူနာကို ဆေးကုသဖို့ လာရောက်ခေါ်ဆောင်ရာမှာလည်း သာမာန်လူနာတင်ယာဉ်နဲ့မဟုတ်ဘဲ အကာကွယ်အပြည့်အစုံပါတဲ့ ယာဉ်တွေနဲ့သာ လာရောက်ခေါ်ယူမှာဖြစ်တဲ့ အကြောင်း၊ ဧည့်သည်မှာ တကယ်ရောဂါပိုး ကူးစက်ခံထားရတာ ရှိ၊ မရှိ နောက်ဆက်တွဲ သတင်းအချက်လက်တွေ ကိုလည်း ဟိုတယ်လုပ်ငန်းရှင်တွေဆီ ပြန်အကြောင်းကြားမယ့်အကြောင်း၊ ဟိုတယ်တွေမှာလည်း ကိုရိုနာဗိုင်းရပ် ပိုး ကူးစက်ခံရရင် ဖြစ်လာမယ့် လက္ခဏာတွေ၊ ရှောင်ရန် ဆောင်ရန်တွေကို ကြေညာစာရွက်နဲ့ ထုတ်ပြန်ထားနိုင် အောင် ကူညီပေးသွားမယ်လို့ ပြောပါတယ်။

နိုင်ငံထဲ ဝင်လာတဲ့ဧည့်သည်တွေထဲက မကျန်းမာတဲ့သူတစ်ယောက်ယောက်ပါလာခဲ့ရင် အခန်းတစ်ခုခုထဲမှာ ခဏခွဲထားကာ သေချာမေးမြန်းပြီး ဆက်သွယ်ကြဖို့ ဝေဘာဂီဆေးရုံ ပါမောက္ခ ဒေါက်တာ စံပယ်ဖြူက  ပြောပါတယ်။

"အခုချိန်မှာတော့ နေမကောင်းဘူးဆိုတာကို စသိရဖို့ နေကောင်းပါလား၊ ဒါမှမဟုတ် လေဆိပ်က စာရွက်လေးလိုပဲ ဖျားလား ဆိုတာ လေးခုလောက်ပေးထားပြီး အဲဒီထဲက တစ်ခုခု ခြစ်ပြီဆိုရင်တော့ ဧည့်ကြိုအခန်းလေး အရင်လုပ် ထားပြီး အဲဒီအထဲ အရင်ဝင် အဲဒီမှာ ဘယ်ဒေသကလဲ၊ ဘယ်ကလာတာလဲ သေသေချာချာလေးမေးရင် အဆင်ပြေ မယ်လို့ ထင်ပါတယ်။"

မြန်မာနိုင်ငံ ဟိုတယ်လုပ်ငန်းရှင်များအသင်းကို ဝင်ထားတဲ့ ဟိုတယ် ၁၄၀၀ ကျော်ရှိပြီး အခန်းပေါင်း ၅၇၀၀၀ ကျော်ရှိတဲ့အကြောင်း၊ လာတဲ့ဧည့်သည်တချို့ဟာ နေမကောင်းဖြစ်ရင် ဆေးရုံ၊ ဆေးခန်းတွေကိုမသွားဘဲ ဆရာဝန်ခေါ်ခိုင်းတာမျိုးတွေ ရှိတတ်တဲ့အကြောင်း၊ ဘယ်ကလာတာလဲဆိုတာကို ဧည့်သည်ကိုမေးရင်လည်း သူတို့အမှန်ဖြေမှသာ သိနိုင်မယ့် အခက်ခဲတွေရှိတယ်လို့ မြန်မာနိုင်ငံဟိုတယ်လုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဦးသန်းထွဋ်က ဆွေးနွေးပါတယ်။

"တခါတလေကျရင် ဆရာပြောသလိုပဲ ဧည့်သည်က နေမကောင်းဖြစ်လို့ ဆေးခန်းလိုက်ပို့မယ်ဆိုရင် သူတို့ ကိုယ်တိုင်က မသွားချင်တာရှိတယ်။ အဲဒါဆိုရင် သူတို့မသိဘဲ အကြောင်းကြားပေးရမလား။ ပြီးတော့ ဝူဟန်ကလာတာဟုတ် မဟုတ်က သူတို့က မပြောဘူးဆိုရင် မသိရပါဘူး။"

ဧည့်သည်တွေနဲ့ ထိတွေ့ရတဲ့နေရာမှာ ကျန်းမာရေးဝန်ထမ်းတွေအပြင် ဧည့်ကြိုဝန်ထမ်းတွေ၊ ဟိုတယ်ဝန်ထမ်း တွေလည်း ပါဝင်တာဖြစ်ပါတယ်။

တကယ်လို့ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံရတယ်လို့ သံသယရှိတဲ့ ဧည့်သည်နေခဲ့တဲ့ အခန်းတွေကို သန့်ရှင်းရေး လုပ်ချင်တယ်ဆိုရင်လည်း လုပ်ရမယ့်နည်းလမ်းတွေကို ဖြန့်ဝေထားမှာဖြစ်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကူးခံရတယ်လို့ သံသယရှိသူကို စောင့်ကြည့်ကုသဖို့ မြောက်ဥက္ကလာပမြို့နယ် ဝေဘာဂီ ကူးစက်ဆေးရုံမှာ စက်ပစ္စည်းတွေရှိနေပြီး လူအင်အားထပ်ဖြည့်ဖို့တွေ ပြင်ဆင်ထားတယ်လို့ ဆေးရုံအုပ် ဒေါက်တာ အေးအေးအောင် က ပြောပါတယ်။

"စက်ပစ္စည်းတွေက နဂိုကတည်းကရှိထားပါတယ်။ အခုက လူနာပို့မယ်ဆိုရင် လူအင်အားပေါ့။ ပုံမှန်လူအင်အားနဲ့ လည်ပတ်နေတာရှိတယ်။ ဒီလိုမျိုးရောဂါရလာရင် လူအင်အားဖြည့်ရမယ်ပေါ့။ အဲဒါဆိုရင် တိုင်းဦးစီးဆီကနေ လူအင်အားဖြည့်ဖို့ တောင်းဆိုပါမယ်။"

တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့က လူဝင်မှုကြီးကြပ်ရေးဂိတ် နှစ်ခုမှာ တရုတ်နိုင်ငံက ပြန်လာတဲ့ မြန်မာ နိုင်ငံသား နှစ်ဦးဟာ ကိုယ်အပူချိန်မြင့်တက်နေတာကြောင့် မူဆယ်ခရိုင်ဆေးရုံကြီးမှာ မနေ့က ခေတ္တခေါ်ယူ စောင့်ကြည့်ခဲ့တာလည်းရှိပါတယ်။ အလားတူ ရှမ်းပြည်နယ် ညောင်ရွှေမြို့မှာလည်း တရုတ်နိုင်ငံသူတစ်ဦး ဝမ်းပျက်၊ ဝမ်းလျောဖြစ်ခဲ့တာကြောင့် ညောင်ရွှေမြို့နယ် ဆေးရုံမှာ သီးခြားထားရှိပြီး စောင့်ကြည့်ခဲ့ပေမယ့် သက်သာသွားပြီဖြစ်ပေမယ့် လိုအပ်တဲ့စစ်ဆေးမှုတွေ ဆက်လုပ်နေတယ်လို့ ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ကိုရိုနာဗိုင်းရပ်စပ် ရောဂါနဲ့ပတ်သက်ပြီး အဓိက စောင့်ကြည့်တဲ့ အချက်ထဲမှာ တရုတ်နိုင်ငံ ဝူဟန်မြိုကို ပြီးခဲ့တဲ့ ၁၄ ရက်အတွင်း ခရီးသွားခဲ့တာ၊ ၁၄ ရက်အတွင်းမှာ အဆုတ်ရောင်ရောဂါကူးစက်ခံရတယ်လို့ သံသယရှိသူ (ဒါမှမဟုတ်) အတည်ပြုခံရသူနဲ့ အထူနေထိုင်ခဲ့တာ၊ အဲဒီနောက်ပိုင်းမှာ အပူချိန် ၃၈ ဒီဂရီ စင်တီရိတ်အထက်ရှိပြီး ဖျားတာ၊ ချောင်းဆိုးတာ၊ အသက်ရှုရခက်ခဲတာ၊ အားအင်ကုန်ခမ်းတဲ့လက္ခဏာ ပေါ်ပေါက်တာတွေ ဖြစ်ပါတယ်။

အဆုတ်ရောင်ရောဂါ ကူးစက်ပုံ ကူးစက်နည်းတွေကို အတည်ပြုနိုင်တာမရှိသေးပေမဲ့ ချောင်းဆိုး၊ နှာချေတာတွေ ကနေတဆင့်  ကူးစက်နိုင်တာ၊ အသက်ရှုလမ်းကြောင်းကနေ တိုက်ရိုက်ကူးစက်နိုင်သလို ရောဂါကူးစက်ခံထားရ သူလက်တွေ၊ နှာချေချောင်းဆိုးတဲ့အချိန်မှာ အသုံးပြုထားတဲ့ တစ်သျူးတွေ၊ ကိုင်တယ်ထားတဲ့ နေရာတွေကနေ တဆင့် ကူးစက်နိုင်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ဒါကြောင့် မြန်မာနိုင်ငံသားတွေအနေနဲ့ ဖျားနာနေတဲ့သူ၊ ချောင်းဆိုး၊ နှာချေစတဲ့ အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာခံစားနေရသူနဲ့ အနီးကပ်နေတာ၊ လူထူထပ်တဲ့နေရာတွေကို ရှောင်ရှားပြီး လက်ကို သေချာ ဆေးကြောဖို့၊ တကိုယ်ရည်သန့်ရှင်းဖို့၊ ကိုယ်လက်လှုပ်ရှားပြီး အဟာရပြည့်အောင် စားသုံးကြဖို့ တိုက်တွန်း ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။