ဖားကန့်တိုက်ပွဲအတွင်း အရပ်သားလေးဦး သေဆုံးပြီး ခြောက်ဦးဒဏ်ရာရ

RFA Burmese
2024.01.22
ဖားကန့်တိုက်ပွဲအတွင်း အရပ်သားလေးဦး သေဆုံးပြီး ခြောက်ဦးဒဏ်ရာရ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ဝှေခါရွာတွင် စစ်ကောင်စီတပ်စစ်ကြောင်းထိုးလာသဖြင့် ဘုန်းကြီးကျောင်းတစ်ကျောင်းတွင် တိမ်‌ရှောင်နေကြရသည့်ဒေသခံများအား ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၉ ရက်နေ့က တွေ့ရစဥ်။
Kachin News Group

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအနီး စစ်ကောင်စီတပ်နဲ့ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) တို့ ဇန်နဝါရီလ ၂၀ ရက်က တိုက်ပွဲဖြစ်ပွားခဲ့ပြီး အရပ်သားလေးဦး သေဆုံးကာ နောက်ထပ်ခြောက်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ကယ်ဆယ်ရေးအဖွဲ့တွေနဲ့ ဒေသခံတွေကပြောပါတယ်။

အရပ်သားတွေဟာ လက်နက်ကြီး ပေါက်ကွဲမှုနဲ့ လက်နက်ငယ် ထိမှန်မှုတွေကြောင့် သေဆုံး၊ ထိခိုက်ခဲ့ကြတာပါ။

လူထိခိုက် သေဆုံးမှုတွေအပြင် နေအိမ်ပျက်စီးမှုတွေလည်း ရှိခဲ့တယ်လို့ ကယ်ဆယ်ရေး လုပ်ခဲ့သူတစ်ဦးက RFAကိုပြောပါတယ်။

“အမျိုးသား လေးယောက်သေတယ်။ သေတဲ့သူတွေကို ကာယကံရှင်တွေနဲ့ အကုန်လုံး ကောင်းကောင်းမွန်မွန် သင်္ဂြိုဟ်ပေးလိုက်ပါပြီဗျ။ ဒဏ်ရာရတဲ့သူတွေတော့ များတယ်။ အနည်းဆုံး ခြောက်ယောက်လောက်ရှိမယ်။ လက်နက်ကြီးထိလို့ သေကြ၊ ဒဏ်ရာရကြတယ်။ နေအိမ်တွေတော့ လက်နက်ကြီးတွေထိတာ တော်တော်များတယ်။ သေဆုံးတဲ့သူတွေက ဆိုင်းတောင် (ဆိပ်မူ) ကပဲ မဟုတ်ဘူး။ အနယ်နယ် အရပ်ရပ်ကဟာတွေ များတယ်”

သေဆုံးသူတွေဟာ အသက် (၃၅) နှစ်အရွယ် ဦးခင်မောင်ဇော်၊ အသက် (၃၄) နှစ်အရွယ် ကိုကောင်းစက်နဲ့ အမည်မသိ အမျိုးသားနှစ်ဦးဖြစ်ပါတယ်။ နောက်ထပ် အမျိုးသမီးနှစ်ဦးနဲ့ အမျိုးသားလေးဦးကတော့ ဒဏ်ရာရရှိခဲ့တာပါ။

ဇန်နဝါရီ ၂၀ ရက် မနက်ပိုင်းမှာ ဖားကန့်မြို့နယ် ဝှေခါကျေးရွာက စစ်ကောင်စီတပ်စခန်းကို KIA ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းယူခဲ့ပါတယ်။ ဝှေခါ တပ်စခန်းကနေ ဆုတ်ခွာသွားတဲ့ စစ်ကောင်စီ တပ်သားတွေနဲ့ KIA ပူးပေါင်းတပ်တွေဟာ ဆိပ်မူကျေးရွာ သင်္ချိုင်းကုန်းအနီးမှာ ထပ်မံ တိုက်ပွဲဖြစ်ပွားခဲ့တာ ဖြစ်တယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။

“ညနေ နှစ်နာရီလောက်က စဖြစ်တာ။ ဝှေခါက ထွက်လာတဲ့အဖွဲ့တွေနဲ့။ လက်နက်ကြီးတွေ သေနတ်တွေနဲ့ ပစ်ကြတော့ လူတွေထိပြီး သေတာ။ နေအိမ်တွေလည်း ထိတယ်။ ဆိပ်မူ ဘုရားကျောင်းလည်း လက်နက်ကြီး ထိသွားတယ်။ ဒီနားက တိုက်ပွဲကတော့ အဲဒီနေ့ တရက်တည်းပဲ”

ဒါနဲ့ပတ်သက်လို့ စစ်ကောင်စီ ကချင်ပြည်နယ်ပြောခွင့်ရသူ ဦးသန့်ဇင်ကိုကိုကို RFA က ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာမရှိပါဘူး။

ဖားကန့်မြို့နယ် ဝှေခါကျေးရွာက စစ်ကောင်စီ တပ်စခန်းနဲ့ နန့်တိန်ကျေးရွာက စစ်ကောင်စီ တပ်စခန်းတွေကို KIA ပူးပေါင်းတပ်တွေက ဇန်နဝါရီလ ၆ ရက်ကစလို့ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာပါ။ တိုက်ပွဲတွေကြောင့် အနီးပတ်ဝန်းကျင်က အရပ်သား ငါးထောင်ကျော်ဟာ ဖားကန့်မြို့ပေါ်ကို ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ ဒေသခံတွေကပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။