စစ်တပ် လူ့ခွင့်ရေးချိုးဖေါက်မှု အစိုးရ တားဆီးနိုင်စွမ်း မရှိဟု HRW ပြောကြား


2017.01.12
hrw-director-kenneth-roth-620.jpg ဝါရှင်တန် ဒီစီ ရှိ အမျိုးသား စာနယ်ဇင်းအသင်းမှာ ဇန်နဝါရီလ ၁၂ ရက်နေ့က ကျင်းပတဲ့ HRW ရဲ့ ၂ဝ၁၇ ခုနှစ်အတွက် နိုင်ငံတကာ လူ့အခွင့်အရေး အစီရင်ခံစာထုတ်ပြန်ပွဲမှာ HRW ရဲ့ ဒါရိုက်တာ Kenneth Roth ကို တွေ့ရစဉ်
Photo: RFA

မြန်မာနိုင်ငံမှာ ၁၉၆၂ ခုနှစ် အာဏာသိမ်းပွဲနောက်ပိုင်း ပထမဆုံးအကြိမ် ဒီမိုကရေစီနည်းကျ ရွေးချယ်ခံရပြီး အာဏာရလာတဲ့ အရပ်သားအစိုးရဟာ တိုင်းပြည်အနံှ့အပြားမှာ စစ်တပ်က လူအခွင့်အရေး ချိုးဖေါက်နေ တာတွေကို တားဆီးဖို့ပျက်ကွက်ခဲ့ကြောင်း အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့အခြေစိုက် HRW (Human Rights Watch) လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့က ပြောကြားလိုက်ပါတယ်။

ဝါရှင်တန် ဒီစီ ရှိ အမျိုးသား စာနယ်ဇင်းအသင်းမှာ ဇန်နဝါရီလ ၁၂ ရက်နေ့ မနေ့က ကျင်းပတဲ့ HRW ရဲ့ ၂ဝ၁၇ ခုနှစ်အတွက် နိုင်ငံတကာ လူ့အခွင့်အရေး အစီရင်ခံစာထုတ်ပြန်ပွဲမှာ အခုလို ပြောဆိုခဲ့တာဖြစ်ပါတယ်။

အဲဒီအစီရင်ခံစာမှာ အစိုးရလုံခြုံရေးတပ်ဖွဲ့တွေက မောင်တောဒေသမှာ လူမျိုးတုံးသတ်ဖြတ်မှုတွေ ကျူးလွန်နေကြောင်း ဖေါ်ပြထားတာနဲ့ ပတ်သက်ပြီး RFA က အဲဒီအချက်အလက်ဟာ ဘယ်လောက် ခိုင်မာပါသလဲ ၊ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ မြန်မာအစိုးရကတော့ အဲဒီလို လူမျိုးတုံးသတ်ဖြတ်မှုတွေ မရှိဘူးလို့ ငြင်း ဆိုထားပါတယ်၊ မောင်တောဒေသကို သွားရောက်စုံစမ်းဖို့ မလွယ်တဲ့အတွက် သတင်းအချက်အလက်တွေ ဘယ်လိုရရှိခဲ့ပါသလဲလို့ မေးမြန်းခဲ့ပါတယ်။

HRW အဖွဲ့ရဲ့ အမှုဆောင်ညွန်ကြားရေးမှူး ကက်နက် ရို့သ် က သူတို့မှာခိုင်မာတဲ့ သက်သေအထောက်အထားတွေ ရှိပါတယ်။ ရိုဟင်ဂျာတွေကို နှိပ်ကွပ်ဖို့ ဒေါ်အောင်ဆန်းစုကြည်က ညွန်ကြားဆောင်ရွက်နေတယ်လို့ ကျနော် မပြောပါဘူး။ သူမရဲ့ စစ်တပ်အပေါ် လွမ်းမိုးနိုင်စွမ်းဟာ အကန့်အသတ်နဲ့ပဲ ရှိတယ်ဆိုတာလည်း ကျနော်သိ ပါတယ်။  ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ သူမရဲ့ သြဇာတိက္ကမကို အသုံးပြုပြီး စစ်တပ်က ရိုဟင်ဂျာတွေအပေါ် ရက်စက်စွာ နှိပ်ကွပ်တာတွေ ရပ်တန့်သွားအောင် လုပ်ဆောင်ခဲ့ခြင်း မရှိပါဘူး။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဒီကိစ္စမှာ ဘာကြောင့် ရေငုံနှုတ်ပိတ်လုပ်နေသလဲဆိုတာ ကျနော် မသိပါဘူး။ ရိုဟင်ဂျာတွေကို မြန်မာအများစုက မကြိုက်သလို သူမကလည်း မကြိုက်လု့ိလား၊ ဒီကိစ္စမှာ စစ်တပ်ကို လိုက်လျောရင် ရေရှည်အကျိုးရှိနိုင်တယ် ထင်လို့လား၊ ဒါမှမဟုတ် နိုင်ငံရေးအရ တခြားအမြတ်အစွန်း ထွက်နိုင်မယ် ထင်လို့လား ကျနော် မသိပါဘူး။ တကယ်တော့ လူအခွင့်အရေးနဲ့ ပတ်သက်လာရင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အရှိန်အဝါက ကြီးမားလွန်းလှပြီး ကမ္ဘာတစ်ခုလုံးက သူ့နောက်ကနေ မားမားမတ်မတ် ရပ်တည်ခဲ့တာပါ။ ဒါပေမဲ့ သူ အခု အာဏာရလာချိန်မှာ အပြင်းထန်ဆုံး ဖိနှိပ်ခံနေရတဲ့ ရိုဟင်ဂျာတွေအတွက် ရပ်တည်ခြင်း မရှိတာကို ကျနော်တို့ သိပ်ပြီး စိတ်ပျက်မိပါတယ်လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။

တဆက်တည်းမှာပဲ HRW ညွန်ကြားရေးမှူးက သူတို့အဖွဲ့ဝင်တွေဟာ ဘင်္ဂလားဒေ့ရှ်နဲ့ ရခိုင်ပြည်နယ် နယ်ခြားဒေသ ကို သွားရောက်ပြီး အချက်အလက်တွေ စုဆောင်းခဲ့ကြောင်း၊ ထွက်ပြေးလာသူတွေကိုယ်တိုင် မြန်မာစစ်တပ် က မြင်မြင်သမျှ ပစ်ခတ်ပုံတွေ၊ အမျိုးသမီးတွေ မုဒိမ်းကျင့်ခံရပုံတွေ၊ အိမ်တွေမီးရှို့ပုံတွေကို ပြောပြကြတာဟာ အင်မတန် ထိတ်လန့်တုန်လှုပ်စရာပါပဲလို့လည်း ပြောပါတယ်။

ဒါ့အပြင် ကချင်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ ရှမ်းပြည်မြောက်ပိုင်းဒေသတွေမှာ အစိုးရနဲ့ တိုင်းရင်းသား လက်နက် ကိုင်တွေအကြား တိုက်ပွဲတွေ ပိုမိုပြင်းထန်လာနေကြောင်း၊ မြန်မာစစ်တပ်ဟာ တိုင်းရင်းသားတွေအကြား သွေးခွဲ သပ်လျှိုနေကြောင်း၊ မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၅ နှစ်အတွင်း ပြည်တွင်းပဋိုပက္ခတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေး ခဲ့ရသူ ၂ သိန်းကျော်ရှိကြောင်း၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးထင်ကျော်နဲ့ တပ်မတော်အပေါ် ထုတ်ဖေါ်ဝေဖန်သူတွေကို အကြည်ညိုပျက်စေမှု ပုဒ်မ ၆၆ (ဃ) နဲ့ ဖမ်းဆီး အပြစ်ပေးနေကြောင်းနဲ့ မြန်မာအစိုးရဟာ ဖွဲ့စည်းပုံအရ စစ်တပ်က အာဏာချုပ်ကိုင်ထားမှု၊ တရားဥပဒေစိုးမိုးရေး အားနည်းမှု၊ ခြစားပျက်စီးနေတဲ့ တရားစီရင်ရေးမဏ္ဏိုင် စတဲ့စိန်ခေါ်မှုတွေကို ရင်ဆိုင်နေရတယ်လို့လည်း မနေ့က
ထုတ်ပြန်တဲ့ HRW (Human Rights Watch) လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ရဲ့ ၂ဝ၁၇ ခုနှစ် နိုင်ငံတကာ လူ့အခွင့်အရေး အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။