သတင်းမီဒီယာတွေအပေါ် အစိုးရ ဖိနှိပ်ချုပ်ချယ်နေတာတွေ လျစ်လျူမရှုမိဖို့ HRW ထုတ်ပြန်
2019.05.08
ပန်ဆန်းမြို့က UWSA ဗဟိုဌာနချုပ် အစည်းအဝေးခန်းမမှာ ၂၀၁၉၊ ဧပြီ ၁၈ ရက်နေ့ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ သတင်းယူနေတဲ့ သတင်းသမားတွေကို တွေ့ရစဉ်
အကျဉ်းချခံထားရတဲ့ ရိုက်တာ သတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦး တို့ လွတ်ငြိမ်းချမ်းသာခွင့် ရခဲ့တာဟာ ဝမ်းသာစရာဖြစ်ပေမယ့် မီဒီယာတွေအပေါ် အစိုးရဖက်က ဆက်လက်ပြီး ဖိနှိပ်ချုပ်ချယ်နေတာတွေကို လျှစ်လျှူမရှုမိဖို့လိုတယ်လို့ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ HRW က ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။
မြန်မာနိုင်ငံတစ်ဝှမ်း ထောင်ဒဏ်ကျခံနေတဲ့ အကျဉ်းသား ၆၅၀၀ ကျော်ကို မေ ၇ ရက်နေ့ မနေ့က နိုင်ငံတော် သမ္မတက လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ပြီး အဲဒီထဲမှာ ရိုက်တာ သတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ အင်းစိန်ထောင်ကနေ ပြန်လည်လွတ်မြောက်လာတာဖြစ်ပါတယ်။
ရိုက်တာ သတင်းထောက်တွေ လွတ်မြောက်လာခဲ့ပေမယ့် အခု အမျိုးသားဒီမိုကရေစီ အစိုးရလက်အောက်မှာ အနည်းဆုံး သတင်းသမား ၄၇ ဦးခန့် တရားစွဲဆိုခံထားရပြီး လတ်တလော ရခိုင်ပြည်နယ်မှာ မြန်မာ့တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ရက္ခိုင့်တပ်မတော်တို့ရဲ့ လက်နက်ကိုင်ပဋိပက္ခအကြောင်း သတင်းရေးသားခဲ့တဲ့ စစ်တွေအခြေစိုက် Development Media Group ရဲ့ အယ်ဒီတာ ကိုမင်းဦးကို ပြည်ထဲရေးဝန်ကြီးဌာနရဲ့ သတင်းရဲတပ်ဖွဲ့က မတရားအသင်းဥပဒေပုဒ်မနဲ့ တရားစွဲဆိုထားတာ၊ ဧရာဝတီသတင်းဌာနရဲ့ မြန်မာပိုင်းအယ်ဒီတာ ကိုရဲနည်ကိုလည်း အသရေဖျက်မှုနဲ့ စစ်တပ်က ဧပြီလမှာ တရားစွဲဆိုထားတာတွေကို HRW က ထောက်ပြထားပါတယ်။
ဒီသတင်းကို RFA သတင်းထောက် ကိုရဲတိုက် ပေးပို့တာပါ။









