ထိန်ပင်အမှိုက်ပုံ ဧက ၂ဝ လောက်ကို ဓာတုဆေးရည်နဲ့ မီးငြှိမ်းနိုင်


2018.04.28
hteinpin-fire-622.jpg ထိန်ပင်အမှိုက်ပုံ မီးလောင်မှုကို ၂ဝ၁၈ ခုနှစ် ဧပြီလ ၂၇ ရက်နေ့က Bio Foam ဓာတုဆေးရည်နဲ့ မီးငြိမ်းသတ်တာကို တွေ့ရစဉ်
Photo: MOI Webportal Myanmar - facebook

မီးလောင်ကျွမ်းတာ တစ်ပတ်ကျော်ကြာနေပြီဖြစ်တဲ့ ထိန်ပင်အမှိုက်ပုံ မီးလောင်မှုကို မနေ့က Bio Foam ဓာတု ဆေးရည်နဲ့ မီးငြိမ်းသတ်ခဲ့ရာ မီးလောင်မှုကို ၈၅ ရာခိုင်နှုန်းကို ထိန်းချုပ်ထားနိုင်ပြီလို့ ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ဒီနေ့ ပြောပါတယ်။

မီးလောင်ကျွမ်းနေတဲ့ ဧက ၁ဝဝ ထဲက ဧက ၂ဝ လောက်ကို မီးခိုးပျောက်သွားတဲ့အထိ ငြှိမ်းသတ်နိုင်ပြီလို့ ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနက ညွှန်ကြားရေးမှူး ဦးမျိုးဝင်းက ပြောပါတယ်။

"Bio Foam နဲ့ဆိုတော့ မီးခိုးပျောက်သွားတဲ့အထိ ဆောင်ရွက်နိုင်တာ ဧက ၂ဝ လောက်ရှိသွားပါပြီ၊ မီးငြိမ်းတာ ကတော့ ၈၅ (ရာခိုင်နှုန်း)  လောက်ရှိပါတယ် ၊ အထဲထဲက အောင်းအပူကြောင့် မီးခိုးလေးတွေ တက်တာပဲ ရှိပါတယ်"

ထိန်ပင်အမှိုက်ပုံဟာ ဧက ၃ဝဝ နီးပါးကျယ်ဝန်းပြီး ဧက ၁ဝဝ နီးပါး မီးလောင်ကျွမ်းနေတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဧပြီလ ၂၁ ရက်နေ့ကတည်းက မီးစတင်လောင်ကျွမ်းနေတာဖြစ်ပြီး မနေ့ကစပြီး အမှိုက်ပုံမီးနဲ့ မီးခိုးငွေ့ထွက်တာကို ထိန်းချုပ်နိုင်ဖို့ Bio Foam ဓာတုဆေးရည် ဂါလန် ၁၈ဝဝ နဲ့ စတင်ငြှိမ်းသတ်ခဲ့တယ်လို့ သိရပါတယ်။

အမှိုက်ပုံ မီးငြှိမ်းဖို့အတွက် နောက်ထပ် Bio Foam ဆေးရည် ဂါလံ ၅ဝဝဝ ကို ထိုင်းနိုင်ငံကနေ ဝယ်ယူသွားမှာဖြစ်ပြီး စေတနာရှင်တွေရဲ့ အလှူငွေတွေနဲ့ ဝယ်ယူသွားမယ်လို့ သိရပါတယ်။ အဲဒီအမှိုက်ပုံမီးလောင်မှုကို မီးသတ်တပ်ဖွဲ့၊ ရဲတပ်ဖွဲ့နဲ့ တပ်မတော်သားအင်အား စုစုပေါင်း ၉ဝဝ ကျော်နဲ့ ဒီနေ့ မီးငြှိမ်းသတ်နေတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။