လူကုန်ကူးမှုတိုက်ဖျက်ရေး မဲဆောက်မြို့မှာ ဆွေးနွေး

2013-11-01
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ

မြန်မာ-ထိုင်း လူကုန်ကူးမှု တိုက်ဖျက်ရေးလုပ်ငန်းစဉ်တွေကို နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်နိုင်ဖို့ အတွက်  (Border Cooperation On Anti-Trafficking In Person) BCATIP နှစ်နိုင်ငံအဖွဲ့ဝင်တွေ ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးပွဲကို ထိုင်းနိုင်ငံ မဲဆောက်မြို့ CENTARA ဟိုတယ်မှာ ဒီနေ့ပြုလုပ်ခဲ့ပါတယ်။

နှစ်နိုင်ငံတာဝန်ရှိသူတွေတွေ့ဆုံပြီး ဆွေးနွေးပွဲကျင်းပရတဲ့ ရည်ရွယ်ချက်နဲ့ပတ်သက်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က ရဲမှူးချုပ် ၀င်းနိုင်ထွန်းက အခုလိုပြောပါတယ်။

“အဓိကထားပြီးတော့ ဆွေးနွေးသွားကြတဲ့ ခေါင်းစဉ်တွေကတော့ ကြိုတင်ကာကွယ်ရေးအပိုင်းတွေ၊  နောက်ပြီး တရားစွဲဆိုရေးအပိုင်းတွေ လူကုန်ကူးခံရတဲ့သူတွေကို အကာအကွယ်ပေးဖို့အတွက် သူတို့ရဲ့ rights တွေ အပြည့်အ၀ရရှိဖို့အတွက်အပိုင်းတွေကို အဓိကဆွေးနွေးသွားကြတာ ဖြစ်ပါတယ်၊ ဒီဆွေးနွေးချက်တွေပေါ်မှာ မူတည်ပြီးတော့ပဲ ဆက်လက် အကောင်အထည်ဖော်ဆောင်ရွက်သွားကြဖို့ ရည်ရွယ်တဲ့ဆွေးနွေးပွဲလည်း ဖြစ်ပါတယ်”

ရဲမှူးချုပ် ၀င်းနိုင်ထွန်းက ရွှေ့ပြောင်းအလုပ်သမားတွေအများစု ဘာကြောင့်လူကုန်ကူးခံရသလဲဆိုတာနဲ့ ပတ်သက်လို့လည်း အခုလိုဆက်ပြောပါတယ်။

“ဒီရွှေပြောင်းအလုပ်သမားတွေ သူတို့အနေနဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေ မရှိတာတွေ၊ ရွေးချယ်စရာ အခွင့်အလမ်းတွေနည်းတာတွေရယ်၊ တရားမ၀င် သွားလာတာတွေက လူကုန်ကူးခံရနိုင်တယ်၊ သူတို့အနေနဲ့ တရားမ၀င်သွားတယ်ဆိုတာ လူကုန်ကူးခံရနိုင်တယ်ဆိုတာကိုသိတယ်၊ ဒါပေမဲ့ တရားဝင်လမ်းကြောင်း သူတို့သွားဖို့အတွက်ကို သူတို့တတ်နိုင်တဲ့ ငွေကြေးနဲ့ သွားနိုင်ဖို့အတွက်လည်း လိုအပ်တယ်၊ နောက်တစ်ခုက ဒီလိုတရားဝင်သွားလာပြီးလို့ရှိရင်လည်း ဟိုဘက်မှာဖြစ်ပျက်သမျှ အခက်အခဲတွေကို အာမခံချက်အနေနဲ့ ဖြေရှင်းပေးနိုင်ဖို့ကလည်း လိုပါတယ်”

ဒီနေ့ဆွေးနွေးပွဲကို ထိုင်းလူသားရင်းမြစ်ဖွံ့ဖြိုးရေးနဲ့ လုံခြုံရေးစောင့်ရှောက်မှုဝန်ကြီးဌာနက ကမကထပြုပြီး မြန်မာနဲ့ ထိုင်းနှစ်နိုင်ငံဌာနဆိုင်ရာ တာဝန်ရှိသူပေါင်း ၅၀ နီးပါး တက်ရောက်ခဲ့ပြီး နိုင်ငံတကာ NOGs တွေဖြစ်တဲ့ IRC, IOM, WorldVision စတဲ့ အဖွဲ့အစည်းတွေက ပူးပေါင်းပါဝင် တက်ရောက်ခဲ့ပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့