လူကုန်ကူးခံရသူတွေ အတွေ့အကြုံ ရှင်းလင်း


2016.07.21
human trafficking-fishermen-620.jpg မွန်ပြည်နယ် ရေးမြို့နယ်က ငါဖမ်းစက်လှေတစ်စီးပေါ်မှာ လူကုန်ကူးခံခဲ့ရသူတွေ ရန်ကုန်မြို့ Summit park view ဟိုတယ်မှာ ဇူလိုင်လ ၂၁ ရက်နေ့က သတင်းစာရှင်းလင်းစဉ်
Photo: Kyaw Lwin Oo/RFA

မွန်ပြည်နယ် ရေးမြို့နယ်က ငါဖမ်းစက်လှေတစ်စီးပေါ်မှာ လူကုန်ကူးခံရသူ ၁၁ ဦးက သူတို့ ငါးဖမ်းလှေမှာ ကြုံတွေ့ခဲ့ရတာတွေကို သတင်းစာရှင်းလင်းပွဲ ကျင်းပပြီး ရှင်းပြခဲ့ပါတယ်။

ဒီနေ့ ရန်ကုန်မြို့ Summit park view ဟိုတယ်မှာ သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ သူတို့ လုပ်အားခ ကို ပွဲစားက ထုတ်ယူသွားပြီး ရောင်းစားခဲ့တာဖြစ်ကြောင်းနဲ့ လှေပေါ်မှာလည်း နှိပ်စက်တာတွေ ခံခဲ့ရတယ်လို့ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်က ကိုကျော်မောင်က ပြောပါ တယ်။

"ဓါးတွေနဲ့ပစ်၊ ငါးနဲ့ပေါက်၊ လေးဂွနဲ့ ပစ်တာတို့က အများကြီးပဲ နေ့စဉ်နေ့တိုင်း နှိပ်စက်ခံရတယ်၊ ၂၄ နာရီမှာ အလုပ်တွေက ၁၇ နာရီလောက် လုပ်ကိုင်နေရတာ၊ ၅ နာရီကျန်တဲ့အချိန်မှာ ဂျူတီက ၂ နာရီလောက် စောင့်ပေး ရသေးတယ်၊ သင်္ဘောကြီးတွေလာမလား၊ သင်္ဘောကြီးတွေလာရင် ကျောက်တွေနုတ်ပြီး ပြေးရတာပေါ့နော် ၊ လှေပိုင်ရှင်ပြောတာက ပွဲစားက ပိုက်ဆံ ၆ သိန်း ထုတ်သွားတယ်တဲ့၊ ဒီအကြွေးကျေမှ တက်ရမယ်၊ အကြွေး မကျေရင် မတက်ရဘူးလို့ ကျနော့်ကိုပြောတယ်၊ ဒီလိုကြိတ်မှိတ်ခံစားပြီး လုပ်နေရတာ"

သူတို့တွေဟာ ရခိုင်၊ ဧရာဝတီနဲ့ ပဲခူးတိုင်းတွေကဖြစ်ကြပြီး ပြီးခဲ့တဲ့ ဧပြီလပိုင်းက ရေးမြို့ကို ငါးဖမ်းလုပ်ကိုင်ဖို့ အတွက် ရောက်ရှိခဲ့တာဖြစ်ပြီး လှေပေါ်မှာ ၃ လကြာ အလုပ်လုပ်ခဲ့ရတယ်လို့ ပြောပါတယ်။

လှေပေါ်မှာရှိနေချိန် သူတို့တွေရဲ့ နေအိမ်ကနေတဆင့် မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်ကို တိုင်ကြား ခဲ့ပြီး မြန်မာနိုင်ငံလူကုန်ကူးမှု တိုက်ဖျက်နှိမ်နင်းရေးအဖွဲ့နဲ့ ပူးပေါင်းကာ သူတို့ကို ကယ်တင်ခဲ့တာဖြစ်ပါတယ်။

လူကုန်ကူးတဲ့ပွဲစား၊ လှေပိုင်ရှင်နဲ့ ပဲ့နင်းတွေကို တရားဥပဒေအရ အရေးယူပေးဖို့ ရေးမြို့နယ်ရဲစခန်းမှာ အမှုဖွင့်ထားတယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့လပိုင်းကလည်း ရေးမြို့နယ်ထဲက ငါးဖမ်းလှေတွေမှာ လူကုန်းကူခံရတဲ့ ပြည်မြို့နယ်က လူ ၄၀ ကျော် ကို ရေးမြို့ နယ်ရဲတပ်ဖွဲ့က မိသားစုတွေထံ ပြန်လည်အပ်နှံခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။