ဂျပန်ရောက် မြန်မာတွေ ၄၈ နာရီ အစာငတ်ခံပြီး ကုလသမဂ္ဂကို တောင်းဆို

ခင်မောင်စိုး(ဝါရှင်တန်ဒီစီ)
2021.03.22

ဂျပန်ရောက်မြန်မာလူငယ် ၂၅ ဦးရဲ့ အစာငတ်ခံ ဆန္ဒပြပွဲကို တိုကျိုမြို့ရှိ ကုလသမဂ္ဂသံရုံးရှေ့မှာ စနေနေ့ မနက် ၈ နာရီကနေ တနင်္လာနေ့ မနက် ၈ နာရီထိ ပြုလုပ်ခဲ့ရာမှာ တခြားအလှမ်းဝေးတဲ့ မြို့တချို့က လူတွေပါလာရောက် ပါဝင်ခဲ့ပါတယ်။ မြန်မာပြည်သူတွေ အာဏာသိမ်း စစ်အုပ်စုလက်အောက်က လွတ်မြောက်ရေးအတွက် ကုလသမဂ္ဂအနေနဲ့ လက်တွေ့ကျကျ အခုထက်ပါဝင်ဆောင်ရွက်ပေးဖို့ မိမိတို့ ဆောင်ရွက်ခဲ့ကြတာဖြစ်တယ်လို့ ဦးဆောင်သူတဦးဖြစ်တဲ့ ကိုမျိုးကြီးက RFA ကိုပြောပါတယ်။

“ကျနော်တို့ကို ယိုကိုဟားမားလို မြို့တွေကနေ တီးဝိုင်းအဖွဲ့တွေလာရောက်ပြီး တော်လှန်ရေးသီချင်းတွေ သီဆိုအားပေးကြတယ်။ ပြီးတော့ ဆာတိုးရီ ဝိဟာရဆရာတော်ကြီးနဲ့ ဝတ်အဖွဲ့ကလဲ ဝတ်ရွတ်ပြီး ပဌာန်းဒေသနာတွေ ရွတ်ဖတ်ပြီး ဆီမီးဖယောင်းတိုင်တွေ ထွန်းညှိပြီး ဆုတောင်းပွဲလုပ်တယ်။ ဂျပန်ဘုန်းကြီးတွေလဲ ကြွရောက်ပြီး မဟာယနဂိုဏ်းရဲ့ ဆုတောင်းမေတ္တာတွေနဲ့အတူ ကျနော်တို့ ပြည်သူပြည်သားတွေ အမြန်ဆုံး စစ်အာဏာရူးတွေ လက်အောက်က သူပုန်လက်အောက်က လွတ်မြောက်ပါစေဆိုပြီး ဆုတောင်းမေတ္တာပို့တယ်။ ဂျပန် သီလရှင်တွေလဲ လာပါတယ်။ အစ္စလာမ် ဘာသာဝင်တွေကလဲ ဆုတောင်းမေတ္တာ လာရောက် ပို့သပါတယ်။ ခရစ်ယာန်ဘာသာဝင်ဖြစ်တဲ့ ကချင် တိုင်းရင်းသူတွေ ဦးဆောင်ခေါ်လာခဲ့တဲ့ ဂျပန်နိုင်ငံရဲ့သင်းအုပ် ခရစ်ယာန်ဘုန်းတော်ကြီးပါ ကြွရောက်ပြီးတော့ ဆုတောင်းတာတွေ လုပ်သွားပါတယ်။ ဂျပန်လူမျိုးတွေကလည်း တကူးတကကို မိုးသည်းတဲ့ကြားထဲက လာရောက်ပြီး အားပေးစကားတွေ ပြောတယ်။ တော်လှန်ရေးအတွက် အလှူငွေတွေ တော်တော်များများ ပေးသွားသလို ဂျပန်အစိုးရကို မြန်မာပြည်သူတွေကို အမြန်ဆုံးကယ်တင်ဖို့ စစ်အုပ်စုကို အသိအမှတ်မပြုဖို့ ဆိုပြီး တောင်းဆိုတဲ့လက်မှတ်ကမ်ပိန်းလဲ ကျနော်တို့ လက်မှတ် ၁ သောင်းကျော်ရပါတယ်ခင်ဗျ”

အဲဒီအစာငတ်ခံတိုက်ပွဲမှာ ပါဝင်သူတဦးက မဖူးပြည့်စုံကျော်ပါ။

“နောက်နေ့မနက် တနင်္ဂနွေနေ့ကျတော့ လေပြင်းတွေက တအားတိုက်တယ်။ မိုးကလည်း အရမ်းသည်းနေတဲ့အချိန်၊ ဗိုက်တော့ ဆာတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံမှာရှိတဲ့ ပြည်သူတရပ်လုံးကတောင် ကိုယ့်ရဲ့အသက်ကို ပဓာနမထားဘဲ သွေးမြေကျ တိုက်ပွဲဝင်နေတဲ့အချိန်မှာ ငါတို့ ဒီဗိုက်ဆာတာလောက်ကတော့ ခံနိုင်ရမယ် ဆိုတဲ့စိတ်နဲ့ လုပ်နိုင်သလောက် လုပ်ရမယ်ဆိုတဲ့ စိတ်နဲ့ လုပ်ခဲ့တာပါ။ အမ ၂ ယောက်ကတော့ နည်းနည်းမူးတော့ မတ်တတ်မရပ်နိုင်ဘူး။ ယောကျာ်းလေးတွေကတော့ ဒီဒဏ်ကို တောင့်ခံနိုင်ကြတယ်။”

အစာငတ်ခံဆန္ဒပြပွဲအပြီးမှာ ပါဝင်ခဲ့သူတွေကို စေတနာရှင်မြန်မာတွေက ပထမဆုံး သင့်တော်တဲ့အစားအစာ တချို့ လာရောက်ပေးအပ်ခဲ့သလို ပတ္တမြားနဲ့ ဆွေမြန်မာစားသောက်ဆိုင်တွေကလည်း နေ့လည်စာတွေနဲ့ ပြုစုခဲ့ပါတယ်။

ပတ္တမြားစားသောက်ဆိုင်ပိုင်ရှင် ဦးကျော်ကျော်စိုး က -

“သူတို့အားလုံး ၄၈ နာရီ ကြာပြီးသွားတဲ့အခါ အားလုံးစုပြီး ကျနော့်မြန်မာစားသောက်ဆိုင်မှာ ဆန်ပြုတ်အလှူရှင်တွေလည်း လာတယ်။ ဆန်ပြုတ်လည်း တိုက်တယ်။ ပြီးတော့ ကျနော်တို့ ထမင်းလည်း ကျွေးမွေးပါတယ်။ ကျနော်တို့ကလဲ ဒီလိုလှုပ်ရှားတဲ့ လူငယ်တွေကို တတ်နိုင်တဲ့နေရာကနေ ဝိုင်းဝန်းပံ့ပိုးကူညီရမှာ ဖြစ်ပါတယ်။ ဂျပန်မှာ ရောက်နေကြတဲ့ ကျောင်းသားလေးတွေ အလုပ်လာလုပ်သူတွေ မျိုးဆက်သစ်ရဲ့ လှုပ်ရှားမှုတွေက ပြည်တွင်းမှာရော ပြည်ပမှာရော ကျယ်ပြန့်နေပြီး ဒီလူငယ်မျိုးဆက်သစ်တွေရဲ့လှုပ်ရှားမှုက ကျနော်တို့ပြည်သူအားလုံး မျှော်လင့်တောင့်တတဲ့ အောင်ပွဲကို ရလိမ့်မယ်လို့ ကျနော်ယုံကြည်ပါတယ်။”

ဒီအတောအတွင်းမှာပဲ မြန်မာပြည်မှာ စစ်အုပ်စုသြဇာခံတပ်ဖွဲ့တွေရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးတဲ့ ပြည်သူဦးရေဟာ RFA က ပြုစုထားတဲ့စာရင်းအရ ၂၄ဝ ခန့် ရှိပြီဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။