ICOE အစီရင်ခံစာပါ ပြစ်မှုများ အရေးယူပေးမယ်လို့ တပ်က ကြေညာ

ကျော်ထွန်းနိုင်
2020.01.22
icoe-final-report-winmyint-622.JPG ICOE အဖွဲ့ခေါင်းဆောင် ရိုဆာရီယို မယ်နာလိုက သမ္မတ ဦးဝင်းမြင့်ထံ ၂၀၂၀၊ ဇန်နဝါရီ ၂၀ ရက်နေ့က အပြီးသတ်အစီရင်ခံစာကို ပေးအပ်စဉ်
Photo: Myanmar President Office

ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် တပ်မတော်က နယ်မြေတည်ငြိမ်ရေးဆောင်ရွက်ရာမှာ ပြစ်မှုတစ်စုံတစ်ရာ ကျူးလွန်ခဲ့ကြောင်း ICOE အစီရင်ခံစာက ထောက်ပြထားချက်တွေကို စုံစမ်းစစ်ဆေးပြီး စစ်ဘက်တရားစီရင်ရေးရဲ့ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ အရေးယူဆောင်ရွက်သွားမှာဖြစ်ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်နဲ့ ၂၀၁၇ ခုနှစ်တွေအတွင်း ရခိုင်ပြည်နယ် မြောက်ပိုင်းက လုံခြုံရေးရဲကင်းနဲ့ တပ်ဌာနချုပ် တစ်ခုကို ARSA အဖွဲ့က တိုက်ခိုက်ခဲ့ပြီးနောက် တပ်မတော်က နယ်မြေတည်ငြိမ်ရေး ဆောင်ရွက်ခဲ့ရာမှာ ကွပ်ကဲမှု မှားယွင်းဆောင်ရွက်ခဲ့သူတွေကို စုံစမ်းစစ်ဆေးရေးခုံရုံးက ဆက်လက်စစ်ဆေးသွားမှာဖြစ်တယ်လို့ တပ်မတော်ရဲ့ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

စုံစမ်းစစ်ဆေးမှုနဲ့ ပတ်သက်ပြီး တာဝန်ယူ၊ တာဝန်ခံမှုတွေနဲ့ ဆောင်ရွက်သွားမယ်လို့ တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက RFA ကို ပြောပါတယ်။

"စုံစမ်းစစ်ဆေးရေးခုံရုံးက သက်သေခိုင်လုံစွာ တွေ့ရှိရင် လုပ်ထုံးလုပ်နည်းအရ စစ်တရားရုံးဖွဲ့စည်းတာတွေ ဆက်လက်ပြီး စည်းမျဉ်းစည်းကမ်းတွေအရ ဆောင်ရွက်တာတွေကို ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်၊ တာဝန်ယူမှု၊ တာဝန်ခံမှု ရှိစွာနဲ့ လုပ်သွားမှာဖြစ်ပါတယ်၊ စုံစမ်းစစ်ဆေးမှုနဲ့ ပတ်သက်ပြီး အလျဉ်းသင့်သလို မီဒီယာတွေကိုပြောတာတွေ၊ သတင်းထုတ်ပြန်တာတွေ ဆောင်ရွက်ပါမယ်"

မှားယွင်းဆောင်ရွက်မှုတွေနဲ့ ပတ်သက်ပြီး အမိန့်ပေး ကွပ်ကဲခဲ့တဲ့ အရာရှိတွေကို အရေးယူဖို့ရှိလားလို့ မေးမြန်းရာမှာတော့ တိတိကျကျပြောဆိုသွားခြင်းမရှိဘဲ စုံစမ်းစစ်ဆေးရေးခုံရုံးရဲ့ တွေ့ရှိချက်ပေါ်မူတည်ပြီး စွပ်စွဲခံရသူတွေကလည်း အပြစ်မရှိကြောင်း သက်သေအထောက်အထားတွေနဲ့ ခုခံချေပပိုင်ခွင့်ရှိကြောင်းသာ ပြောပါတယ်။

နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေက ICOE အစီရင်ခံစာပါ ထောက်ပြချက်တွေကို စုံစမ်းစစ်ဆေးရာမှာ ပွင့်လင်းမြင်သာမှုရှိရှိနဲ့ အရပ်ဘက်မှာ စစ်ဆေးဖို့ ပြောဆိုသံတွေလည်း ရှိနေပါတယ်။

ရိုဟင်ဂျာအရေး တက်ကြွလှုပ်ရှားတဲ့ ဦးသာအေးက-

"တပ်မတော် ခုံရုံးတစ်ခုထဲက စစ်ဆေးတာနဲ့ မလုံလောက်ဘူးပေါ့နော်၊ ဘာလို့လဲဆိုတော့ တပ်မတော်ခုံရုံးက တပ်မတော်နဲ့ ဆိုင်တဲ့ကိစ္စတွေကိုပဲ စစ်ဆေးတာလေ၊ စစ်ရာဇဝတ်မှုကျူးလွန်တယ်ဆိုပြီး အစီရင်ခံစာမှာပါလာတယ်ပေါ့နော်၊ အဲလိုဆိုရင် အဲလူတွေအားလုံးအတွက် မှန်မှန်ကန်ကန်ဖြစ်အောင် ဒီစစ်ခုံရုံးတစ်ခုတည်းနဲ့ စစ်တာကတော့ မှန်မှန်ကန်ကန်ဖြစ်ဖို့ တော်တော်ခက်တယ်ပေ့ါနော်၊ အရပ်သားတွေပါနိုင်ဖို့ လိုတာပေါ့နော်၊ အဲ့ဒါကြောင့် အရပ်သားတွေကိုလည်း ကာကွယ်ပေးနိုင်တဲ့ အရပ်ဘက် ခုံရုံးမှာ စစ်ဆေးဖို့လိုမယ်လို့ ထင်ပါတယ်" လို့ ပြောပါတယ်။

ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကတော့ စစ်ဘက်တာဝန်ထမ်းဆောင်နေချိန်မှာ ဖြစ်ခဲ့တဲ့ကိစ္စတွေကို စစ်ဘက်တရား စီရင်ရေးမှာသာ စုံစမ်းစစ်ဆေးလေ့ရှိကြောင်းနဲ့ အရပ်သားတွေလည်း ပါဝင်ဆောင်ရွက်ခွင့် မပေးကြောင်း ပြောပါတယ်။

"ဘယ်နိုင်ငံက စစ်ဘက်တရားစီရင်ရေးစနစ်မှာ ကျွန်တော်တို့ အရပ်သားတွေ ပါဝင်တာရှိလည်း၊ အရပ်ဘက်မှာ စစ်ဆေးတာရှိလည်းလို့ မေးခွန်းထုတ်ချင်တယ်၊ တပ်မတော်မှာလည်း သူ့ဟာနဲ့သူရှိပြီးသားဖြစ်တယ်၊ လူသတ်မှု၊ လူသေမှု၊ မုဒိမ်းမှုတွေကို စစ်တရားရုံးက စစ်ဆေးပိုင်ခွင့်မရှိဘူး၊ အရပ်ဘက်တရားရုံးကို လွှဲပေးတယ်၊ တန်းပြည့်စစ်မှုထမ်းချိန်မှာ ဆိုရင်တော့ စစ်ဘက်တရားစီရင်ရေးစနစ်ကနေ လုပ်ဆောင်တာဖြစ်တယ်"

နယ်မြေလုံခြုံရေး အခြေအနေအရ စုံစမ်းစစ်ဆေးမှုတွေကို ဒေသခံတချို့ကို ဝင်ရောက်လေ့လာခွင့် ပေးနေကြောင်း နဲ့ သတင်းမီဒီယာတွေကိုလည်း လုံခြုံရေးအခြေအနေပေါ်မူတည်ပြီး ဝင်ရောက်လေ့လာခွင့် ပေးမမေးဆိုတာကို ဆုံးဖြတ်သွားမယ်လို့လည်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်း ဖြစ်စဉ်တွေမှာ တပ်မတော်သားတွေရဲ့ ပြစ်မှုကျူးလွန်တာကို အရေးယူဆောင်ရွက်မှု အပေါ်မှာလည်း ဝေဖန်ပြောဆိုချက်တွေ ရှိနေပါတယ်။ အင်းဒင်ကျေးရွာ လူသတ်မှုမှာ ပြစ်မှုကျူးလွန်တဲ့ တပ်မတော် တာဝန်ရှိသူတွေကို ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခဲ့ရာမှာ ပြစ်ဒဏ်ချပြီး ရှစ်လခန့်အကြာမှာတင် တပ်မတော် အက်ဥပဒေနဲ့ ပြန်လွှတ်ပေးခဲ့တာကိုလည်း တပ်မတော်ရဲ့ အရေးယူဆောင်ရွက်ချက်တွေအပေါ် ဝေဖန်ထောက်ပြနေတဲ့ထဲမှာ ပါဝင်ပါတယ်။

အဲဒီအပေါ်မှာတော့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက နိုင်ငံတကာက ကျေနပ်မှုတွေ ရအောင်ဆောင်ရွက်ဖို့ဆိုတာ မဖြစ်နိုင်ကြောင်းနဲ့ လူ့အခွင့်အရေး၊ လူသားချင်း စာနာထောက်ထားမှုနဲ့အညီ ဆောင်ရွက်နေကြောင်းသာ ပြောပါတယ်။

"ဘယ်နိုင်ငံမှလည်း မိမိနိုင်ငံရဲ့ တရားစီရင်ရေးစနစ်မှာ နိုင်ငံတကာ ကျေနပ်လောက်ဖွယ်အထိတော့ ဘယ်ဟာမှ ရစရာအကြောင်းမရှိဘူး၊ လူ့အခွင့်အရေး၊ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာနဲ့ ပတ်သက်ပြီးလည်း ကျွန်တော်တို့ တပ်မတော်အနေနဲ့ ပြုပြင်ပြောင်းလည်းရေး ဆောင်ရွက်နေချိန်အတွင်းမှာ လေးစားလိုက်နာနေတယ်၊ သို့သော်လည်း တချို့ဟာတွေက လူ့အခွင့်အရေးအဖွဲ့အမည်ခံပြီး တခြားကိစ္စတွေအတွက် လုပ်နေတာရှိတယ် ဒါတွေကို ကျွန်တော်တို့ ဝေဖန်ပြောနေဖို့ အကြောင်းမရှိပါဘူး"

ICOE အစီရင်ခံစာအပေါ် တပ်မတော်ရဲ့ ထုတ်ပြန်ချက်မှာတော့ နိုင်ငံတော် အချုပ်အခြာအာဏာနဲ့ ဒေသခံ တိုင်းရင်းသားတွေရဲ့ အသက်အိုးအိမ်စည်းစိမ်နဲ့ အကျိုးစီးပွားတွေကို ကာကွယ်စောင့်ရှောက်ဖို့အတွက် ဆောင်ရွက်ခဲ့ရာမှာ ကွပ်ကဲမှုအဆင့်ဆင့်မှာ မှားယွင်းပြီး လုပ်ဆောင်ခဲ့မှုတွေဟာ ကြိုတင်ကြံစည်းထားတဲ့ကိစ္စတွေ မဟုတ်ကြောင်းလည်း ပြောထားပါတယ်။

အဲဒီထဲက ပြစ်မှုကျူးလွန်ကြောင်း အထောက်အထား တစ်စုံတစ်ရာ တွေ့ရှိမယ်ဆိုရင် စစ်ဆေးအရေးယူသွားမှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ICOE အစီရင်ခံစာပါ တပ်မတော်နဲ့ စပ်လျဉ်းတဲ့ အကြုံပြုချက်တွေကို လေ့လာသွားမယ့်အပြင် စစ်ဥပဒေချုပ် ရုံးကလည်း အစီရင်ခံစာ တစ်ခုလုံးကို အသေးစိတ်လေ့လာသွားမယ်လို့လည်း တပ်မတော်ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဒါ့အပြင် တပ်မတော်အနေနဲ့ ICOE အပြီးသတ် အစီရင်ခံစာ မထုတ်ပြန်ခင်ကပင် ဂူတာပြင်ဖြစ်စဉ်နဲ့ ပတ်သက်ပြီး စစ်တရားရုံးကို ရခိုင်ပြည်နယ် မြောက်ပိုင်း၊ ဘူးသီးတောင်မြို့နယ်က နယ်မြေခံတပ်မှာ ဖွဲ့စည်းဆောင်ရွက်ခဲ့ ကြောင်းလည်း တပ်မတော်က ပြောထားပါတယ်။

ဖိလစ်ပိုင် ဒုတိယနိုင်ငံခြားရေး ဝန်ကြီးဟောင်း ရိုဆာရီယို မယ်နာလို ဦးဆောင်တဲ့ ရခိုင်ပြည်နယ်အရေး လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင် ICOE ရဲ့ အပြီးသတ် အစီရင်ခံစာကို ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၀ ရက်နေ့မှာ ကော်မရှင်က နိုင်ငံတော်သမ္မတနဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်တို့ကို နေပြည်တော်မှာ ပေးအပ်ခဲ့တာဖြစ်ပါတယ်။

အစီရင်ခံစာထဲမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ ၂၀၁၇ တုန်းက ရခိုင်မြောက်ပိုင်းရှင်းလင်းရေး စစ်ဆင်ရေးမှာ ပြင်းထန်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ စစ်ရာဇဝတ်မှုတွေကို ကျူးလွန်ခဲ့တယ်ဆိုတာ ထင်ရှားပေမယ့် ရည်ရွယ်ချက်ရှိတဲ့ လူမျိုးတုံးသတ်ဖြတ်မှုမျိုး မတွေ့ခဲ့ရကြောင်း ဖော်ပြထားပါတယ်။

ICOE အစီရင်ခံစာမှာ ထောက်ပြထားတဲ့ တပ်မတော်သားတွေနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ ရာဇဝတ်မှုကျူးလွန် တာတွေကို စစ်ဆေးပြီး တရားစွဲဆိုသွားဖို့အတွက် အစီရင်ခံစာအပြည့်အစုံကို နိုင်ငံတော်သမ္မတက တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ထံ ပေးပို့ထားကြောင်း နိုင်ငံတော် သမ္မတရုံးက မနေ့က ကြေညာချက် ထုတ်ပြန်ထား ပါတယ်။

နိုင်ငံတော် သမ္မတရုံးက ထုတ်ပြန်ပြီး တစ်ရက်မပြည့်ခင်မှာပဲ ICOE အစီရင်ခံစာပါ ထောက်ပြချက်တွေကို တပ်မတော်က စုံစမ်းစစ်ဆေး အရေးယူသွားမယ်လို့ ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

ICOE အစီရင်ခံစာနဲ့ ပတ်သက်ပြီး ဒီကနေ့ ဂျပန်နိုင်ငံခြားရေးဌာနက သတင်းထုတ်ပြန်ရာမှာ လူအခွင့်အရေး ချိုးဖောက်မှု စွပ်စွဲချက်များနဲ့ ပတ်သက်ပြီး ပွင့်လင်းမြင်သာစွာ စစ်ဆေးပြီး သင့်တော်သလို အရေးယူဖို့ ဂျပန်က မြန်မာအစိုးရနဲ့ တပ်မတော်ကို အကြိမ်ကြိမ် တိုက်တွန်းခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

“နောက်ပိုင်း မြန်မာအစိုးရနှင့် တပ်မတော် နှစ်ဘက်စလုံးက လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင်၏ အကြံပြုချက်များကိုအခြေခံပြီး ဥပဒေကြောင်းအရ လိုအပ်သော စစ်ဆေးအရေးယူမှုများကို အလျင်အမြန် လုပ်ဆောင်သွားရင်း အလားတူဖြစ်ရပ်များ နောက်တစ်ကြိမ် ထပ်မံဖြစ်ပွားမှုမရှိစေရန် တားဆီးရေးနှင့် သက်ဆိုင်ရာ အပြည်ပြည်ဆိုင်ရာဥပဒေများကို လိုက်နာသွားရန် ကြိုးပမ်းအားထုတ်လိမ့်မည်ဟု အခိုင်အမာ ယုံကြည်မျှော်လင့်မိပါသည်” လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လူ့အခွင့်အရေး ဆောင်ရွက်သူတွေကတော့ ICOE ကော်မရှင် အစီရင်ခံစာကို ကန့်ကွက်ကြပါတယ်။

ဒီလိုထုတ်ပြန်ချက်ဟာ နိုင်ငံတကာတရားရုံး ICJ မှာ ဒေါ်အောင်ဆန်းစုကြည် သွားရောက်ဖြေရှင်းစဉ်က ပြောကြားချက်နဲ့ တူနေတယ်လို့ လူ့အခွင့်အရေးပညာရေးလုပ်ငန်းများ လုပ်ကိုင်နေတဲ့ ရန်ကုန်မြို့က  ဦးအောင်မျိုးမင်းက ဆိုပါတယ်။

ကိုဖီအာနန် ကော်မရှင်အဖွဲ့ဝင်ဟောင်း ဦးအေးလွင်ကတော့ အရင်အစီရင်ခံစာတွေထက်ပိုပြီး အပြုသဘော ဆောင်လာတဲ့အတွက် အမှန်တရားနဲ့ နီးစပ်လာတယ်လို့ ယုံကြည်ကြောင်း ပြောပါတယ်။

ဒီမိုကရေစီ စံချိန်စံညွှန်းတွေနဲ့ လူ့အခွင့်အရေး အလေးထားသူတွေကတော့ ဒီအစီရင်ခံစာအပေါ် အားရကျေနပ်မှု ရှိမှာမဟုတ်ဘူးဆိုတာ နားလည်ပေမယ့် အရင့်အရင် အစီရင်ခံစာတွေထက်တော့ ပိုတိုးတက်မှု ရှိတယ်ဆိုတာကို ထောက်ပြတာသာဖြစ်တယ်လို့ ဦးအေးလွင်က ဆိုပါတယ်။

လူမျိုးတုံးသတ်ဖြတ်မှု မရှိဘူးဆိုတဲ့ ICOE ရဲ့အစီရင်ခံစာအပေါ် လူ့အခွင့်အရေး စောင့်ကြည့်မှုအဖွဲ့ HRW အပါအဝင် လူ့အခွင့်အရေး လှုပ်ရှားသူတွေက ဝေဖန်ထားသလို ဗြိတိန်အခြေစိုက် မြန်မာ-ရိုဟင်ဂျာများ အသင်း(UK) ကလည်း အယုံအကြည်မရှိကြောင်း ထုတ်ပြန်ပြောဆိုထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။