ICRC ဥက္ကဋ္ဌ ရခိုင်သွားမည်

2018-06-25
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့ ICRC ရဲ့ ဥက္ကဋ္ဌဖြစ်တဲ့ Peter Maurer ကို တွေ့ရစဉ်
အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့ ICRC ရဲ့ ဥက္ကဋ္ဌဖြစ်တဲ့ Peter Maurer ကို တွေ့ရစဉ်
Photo: Peter Maurer - twitter

အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့ ICRC ရဲ့ ဥက္ကဋ္ဌဖြစ်တဲ့ Peter Maurer ဟာ ဒီနေ့ ညနေပိုင်းမှာ ရန်ကုန်မြို့ ကိုရောက်ရှိလာပြီး ရခိုင်ပြည်နယ်ကို မနက်ဖြန် ဇွန်လ ၂၆ ရက်နေ့ကနေ ၂၈ ရက်နေ့အထိ ၃ ရက်ကြာ သွားရောက်မှာဖြစ်ပါတယ်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံမှာဖြစ်သလို မောင်တောဒေသကိုလည်း သွားမှာဖြစ်တယ်လို့ ICRC က မီဒီယာလေ့လာစိစစ်သူ ဦးဇော်ဝင်းက ပြောပါတယ်။

“ဒီနေ့က ဘယ်သူနဲ့မှ မတွေ့ဘူး။ ရောက်တော့ နည်းနည်းနောက်ကျတော့ ကျနော်တို့ ရန်ကုန် ဝန်ထမ်းတွေနဲ့ပဲ တွေ့မှာပါ။ ရခိုင်သွားတာ အစိုးရနဲ့တွေ့မယ်။ စစ်တွေ၊ ရခိုင်ပြည်နယ်မြောက်ပိုင်းဘက်လည်း သွားမယ်။ မောင်တောရုံးတို့ဘက်လည်းသွားမယ်။ ကျနော်လည်း အသေးစိတ်လည်း မပြောတက်သေးဘူး အခုလောလောဆယ်။ သွားလို့ရတဲ့အနေအထား စီစဉ်ပေးတဲ့ အနေအထားနဲ့သွားမယ်။ ၃ ရက်သွားမယ်”

ဇွန်လ ၂၉ ရက်နေ့မှာ နေပြည်တော်ကိုသွားရောက်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် အပါအဝင် မြန်မာအစိုးရ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံမှာဖြစ်ပါတယ်။

မြန်မာနိုင်ငံခရီးစဉ်အပြီး ဇွန်လ ၃ဝ ရက်နေ့မှာတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ရောက်ရှိမှာဖြစ်ပြီး ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ်ဟာဆီနာ၊ ပြည်ထဲရေးဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ တွေ့ဆုံမှာဖြစ်သလို ကောက်ဘဇား ခရိုင်မှာရှိတဲ့ ရိုဟင်ဂျာမွတ်စလင်ဒုက္ခသည်စခန်းတွေနဲ့ ICRC ရဲ့ လုပ်ငန်းခွင်တွေကို လေ့လာသွားဖို့ရှိတယ်လို့ ပြောပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့