ဒေါ်လာနဲ့ ရွှေ ဈေးကစားသူတွေကို စ သုံးလုံး ခေါ်ယူစစ်ဆေး

2018-09-25
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
အမေရိကန်ဒေါ်လာ ၁၀၀ တန်တွေကို တွေ့ရစဉ်
အမေရိကန်ဒေါ်လာ ၁၀၀ တန်တွေကို တွေ့ရစဉ်
Photo: Yasin AKGUL / AFP

ရန်ကုန်မြို့ ရွှေဘုံသာလမ်းမှာ ဒေါ်လာနဲ့ ရွှေဈေးကွက်တွေကို တရားမဝင်ဈေးကစားသူ ၃ ဦးကို ပြည်ထဲရေးဝန်ကြီးဌာန အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန (စစစ) က ခေါ်ယူစစ်ဆေးနေတယ်လို့ သိရပါတယ်။

စက်တင်ဘာလ ၂၃ ရက်နေ့ မနေ့ကစပြီး စစ်ဆေးနေတာလို့ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မျိုး က RFA ကို ဒီနေ့ ပြောပါတယ်။

‘’မနေ့ကစပြီး ခေါ်ယူစစ်ဆေးတာတွေလုပ်တယ်၊ ရွှေတို့ ဒေါ်လာတို့နဲ့ ပတ်သက်ပြီး တာဝန်ပေးချက်အရ ခေါ်ယူပြီး စိစစ်တဲ့သဘောမျိုးနဲ့လုပ်တာပါ၊ အရေအတွက်တော့ on going ဆိုတော့ ပြောလို့မရသေးပါဘူး၊ ပြီးမှပြန်ပြောပေးပါမယ် ဆက်လုပ်နေတုန်းပါ ’’

စက်တင်ဘာ ၂၁ ရက်နေ့မှာ နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှုးချုပ် ဦးဇော်ဌေးက ဒေါ်လာဈေးကစားသူတွေကို အရေးယူမယ်လို့ ကြေညာခဲ့ပြီးနောက်ပိုင်းမှာ အခုလိုစစ်ဆေးနေတာဖြစ်ပြီး ဖမ်းဆီးထိန်းသိမ်းထားတာမျိုးတော့မရှိဘူးလို့ ပြောပါတယ်။

နိုင်ငံတကာမှာလည်း ဒေါ်လာဈေးတွေမြင့်တက်နေပြီး ပြည်တွင်းဒေါ်လာဈေးကွက်မှာလည်း ပြီးခဲ့တဲ့ ဇွန်လဆန်းပိုင်းလောက်ကစပြီး တရိပ်ရိပ်တက်နေတာဖြစ်ပါတယ်။

အရပ်အသုံးအနှုန်းအရ ဒေါ်လာလေပတ်ကား ကစားနေကြတာတွေကြောင့် စက်တင်ဘာလဆန်းပိုင်းလောက်ကစပြီး ဒေါ်လာဈေးတွေထိုးတက်လာရာမှာ  စက်တင်ဘာလ ၂၁ ရက်နေ့က တစ်ဒေါ်လာကို အမြင့်ဆုံး ကျပ် ၁,၆၃၀ ရှိခဲ့သလို ရွှေဈေးကလည်း တစ်ကျပ်သား ၁၀ သိန်း ၃ သောင်းအထိ မြင့်တက်ခဲ့ပါတယ်။

အခုလို စသုံးလုံးက ဒေါ်လာဈေးကစားသူတွေကို ခေါ်ယူစစ်ဆေးတာတွေလုပ်ပြီး နောက်ပိုင်း ဒီနေ့မှာ တစ်ဒေါ်လာကို ကျပ် ကျပ် ၁,၅၈၂ နဲ့ ရွှေဈေးကတော့ စက်တင်ဘာလ ၂၄ ရက်နေ့ မနေ့က တစ်ကျပ်သားကို ကျပ် ၁၀ သိန်း ၅ ထောင်အထိ ပြန်လည်ကျဆင်းခဲ့ပါတယ်။

အဲဒီဈေးကွက်ထဲမှာ နောက်ထပ်ကျန်ရှိနေတဲ့ ဈေးကစားသူတွေကိုလည်း စုံစမ်းမှုတွေ ဆက်လက်လုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့