ဒေါ်လာဈေးကစားသူတွေကို အမှုဖွင့် အရေးယူထား


2018.09.30
dollar-622.jpg အမေရိကန်ဒေါ်လာ ၁၀၀ တန်တွေကို တွေ့ရစဉ်
Photo: Yasin AKGUL / AFP

ရန်ကုန်မြို့ ရွှေဘုံသာလမ်းမှာ ဒေါ်လာဈေးကစားသူတွေထဲက လေးဦးကို အထူးစုံစမ်းစစ်ဆေးရေးဦး စီးဌာန စ သုံးလုံးက ဖမ်းဆီးအမှုဖွင့်ထားပြီး နောက်ထပ်စစ်ဆေးမှုတွေ ဆက်လုပ်နေသေးတယ်လို့ စ သုံးလုံး ညွှန်ကြားရေးမှူး ဦးအောင်မျိုးက ပြောပါတယ်။

ဖမ်းမိထားတဲ့လေးဦးကို မနေ့က အမှုဖွင့်ရမန်ယူတာဖြစ်ပြီး လက်ရှိဖမ်းဆီးစစ်ဆေးနေတဲ့ အခြေအနေတွေကို စ သုံးလုံး ညွှန်ကြားရေးမှူး ဦးအောင်မျိုးက အခုလို ပြောပါတယ်။

"ကျနော်တို့ စစ်ဆေးမေးမြန်းပြီးသလောက်မှာ ၄ ဦးကတော့ ပုဇွန်တောင်၊ ကျောက်တံတား၊ ပန်းဘဲတန်း အဲဒီစခန်း ၃ ခုမှာ အမှုဖွင့်ထားတယ်၊ ၁ ယောက်ကတော့ အပြေးအနေနဲ့ဖွင့်ထားတယ်၊ ကျနော်တို့ စစ်ဆေးတာ မပြီးသေးဘူးခင်ဗျ၊ အခုက ကျနော်တို့က ရွှေရောဒေါ်လာရော တစ်ခါတည်း စစ်ဆေးနေတာ၊ နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှှုပုဒ်မနဲ့ပါ"

ဒေါ်လာဈေးကစားသူတွေကို နိုင်ငံခြားငွေစီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၄၂၊ ၄၃ တို့နဲ့ အမှုဖွင့် အရေးယူထားတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၁ ရက်နေ့က ဒေါ်လာဈေးကစားသူတွေကို အရေးယူမယ်လို့ နိုင်ငံတော် အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပြီး နောက်ပိုင်းစုံစမ်းစစ်ဆေးတာတွေ လုပ်ဆောင်ခဲ့တာပါ။

ဒေါ်လာဈေးကစားတာတွေကြောင့် ဒေါ်လာဈေးတွေ ထိုးတက်လာရာမှာ စက်တင်ဘာလ ၂၁ ရက်နေ့က တစ်ဒေါ်လာကို အမြင့်ဆုံး ကျပ် ၁,၆၃၀ ရှိခဲ့သလို ရွှေဈေးကလည်း တစ်ကျပ်သား ၁၀ သိန်း ၃ သောင်းအထိ မြင့်တက်ခဲ့ပါတယ်။

စသုံးလုံးက ဒေါ်လာဈေးကစားသူတွေကို ဖမ်းဆီးစစ်ဆေးတာတွေ လုပ်ပြီးနောက်ပိုင်းမှာ တစ်ဒေါ်လာကို ကျပ် ၁,၅၂၀ ဝန်းကျင်နဲ့ ရွှေဈေးကတော့ တစ်ကျပ်သားကို ၉ သိန်း ၇ သောင်းဝန်းကျင်လောက်အထိ ပြန်လည်ကျ ဆင်းခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။