တရားမဝင် ရွှေတူးမှုကြောင့် အင်းတော်ကြီးအိုင်ကို ဆိုးဝါးစွာ ထိခိုက်နေ


2017.06.04
dirty-water-620.jpg ရွှေတူးဖော်မှုတွေကြောင့် မိုင်းနောင်ရွာလယ်ကနေ ဖြတ်စီးပြီး အင်းတော်ကြီးကန်ထဲ စီးဝင်တဲ့ ခေါင်းတုံးချောင်းရေ ညစ်ညမ်းနေတာကို ၂၀၁၅ ခုနှစ် သြဂုတ်လက တွေ့ရစဉ်
Photo: Kyaw Myo Min/RFA

ကချင်ပြည်နယ် အင်းတော်ကြီးဒေသတဝိုက်က တရားမဝင်ရွှေတူးဖော်ရေးလုပ်ငန်းတွေကနေ ထွက်လာတဲ့ စွန့်ပစ်သဲနှုန်းမြေစာတွေ အင်းတော်ကြီးအိုင်ထဲ စီးဆင်းဝင်ရောက်မှုဟာ ဒီနှစ်မှာအများဆုံးဖြစ်တာကြောင့် အင်းတော်ကြီးအိုင်ကို ထိခိုက်မှုအဆိုးဆုံးဖြစ်နေတယ်လို့ ဒေသခံလွှတ်တော် ကိုယ်စားလှယ်က ပြောပါတယ်။

အင်းတော်ကြီးဒေသမှာ တရားမဝင်ရွှေတူးဖော်လုပ်ကိုင်နေကြတာနဲ့ ပတ်သက်လို့ ဒေသခံတွေနဲ့ မနေ့ ကတွေ့ဆုံပြီး ကွင်းဆင်းစစ်ဆေးခဲ့တာတွေကို မိုးညှင်းမြို့နယ်ရဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဝင်းဇော် က RFA ကို ဒီကနေ့ပြောပြတာဖြစ်ပါတယ်။

"'ဒီနှစ်အခြေအနေက ခါတိုင်းနှစ်တွေထက် ပိုဆိုးတယ်လို့ပြောလို့ရတယ်၊ အမှန်တိုင်းပြောရင်တော့ ဝမ်းနည်စရာပေါ့လေ၊ အင်းတော်ကြီးဆိုတာ အာရှတိုက်မှာရော၊ အရှေ့တောင်အာရှမှာရော ဂုဏ်ယူရမယ့် အင်းဖြစ်လို့ အများကြီးထိခိုက်တယ်လို့ပြောရမှာဖြစ်ပါတယ်"

အဲဒီလိုတရားမဝင် ရွှေတူးဖော်လုပ်ကိုင်မှုကြောင့် အင်းတော်ကြီးကန်နဲ့ ဆက်စပ်နေတဲ့ ပတ်ဝန်း ကျင် တောတောင်ရေမြေတွေ တိမ်ကောပျက်စီးလာနေသလို၊ ဒေသခံတောင်သူတွေရဲ့ လယ်ယာမြေတွေ အပါအဝင် ကျေးရွာတွေနဲ့ ဆက်စပ်နေတဲ့ ကျွဲနွားစားကျက်မြေတွေနဲ့ စိုက်ခင်း တောတောင်တွေလည်း ဆုံးရှုံးနေတာပါ။

လတ်တလောရရှိထားတဲ့ စာရင်းတွေအရ မိုင်းနောင်နဲ့ မမုံကိုင်ရွာတွေတဝိုက်မှာ စက်ယန္တရားအစီး ၄၀ လောက်ကို အသုံးပြုပြီး တရားမဝင် ရွှေတူးဖော်ရေး လုပ်ကိုင်နေကြတယ်လို့ဆိုပါတယ်။

ဒါ့အပြင် နန့်ပတဲ၊ နန့်မီးလောင်၊ တက်လက် စတဲ့ အင်းတော်ကြီးဒေသတဝိုက်က ရွာတွေမှာလည်း တရား မဝင် ရွှေတူးဖော်ရေးလုပ်ငန်းတွေကို စက်ယန္တရားတွေ အသုံးပြုတာ အပါအဝင် တနိုင်တပိုင် လုပ်ကိုင်နေကြ သူတွေလည်းရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ မိုင်းနောင်ရွာ သီရိမင်္ဂလာကျောင်းတိုက် ဓမ္မာရုံမှာ ရွှေလုပ်ငန်းရှင်တချို့ အပါအဝင် မိုင်းနောင် နဲ့ မမုံကိုင်ရွာက ဒေသခံတွေကို ပြည်နယ်သယံဇာတနဲ့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး၊ ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်နဲ့ ဋ္ဌာနဆိုင်ရာ ပုဂ္ဂိုလ်တွေက မနေ့က တွေ့ဆုံခဲ့တာပါ။

ပြီးခဲ့တဲ့ရက်ပိုင်းက ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ အင်းတော်ကြီးဒေသဘက်က တရားမဝင် ရွှေတူးဖော်တဲ့ ကိစ္စနဲ့ပတ်သက်လို့ မိုးညှင်းမြို့နယ်ရဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်က လွှတ်တော်မှာ မေးမြန်းဆွေးနွေး ခဲ့ပြီးနောက် အခုလို ကွင်းဆင်းစစ်ဆေးမှုဖြစ်လာတာလို့ သိရပါတယ်။

အင်းတော်ကြီးဒေသမှာ လွန်ခဲ့တဲ့နှစ်များစွာကစပြီး အခုအချိန်အထိ တရားမဝင်ရွှေတူးဖော်ရေးလုပ်ငန်းတွေကို နည်းမျိုးစုံနဲ့ လုပ်ကိုင်နေကြတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။