ထိုင်းမှာ ကားမှောက်လို့မြန်မာအလုပ်သမား ခြောက်ဦး သေဆုံး ၁၂ ဦး ဒဏ်ရာရ

လုဆိုင်း(ထိုင်းနိုင်ငံ)
2022.03.16
ထိုင်းမှာ ကားမှောက်လို့မြန်မာအလုပ်သမား ခြောက်ဦး သေဆုံး ၁၂ ဦး ဒဏ်ရာရ ပရကျွတ်ခရီခန်ခရိုင်မှာ မတ်လ ၈ ရက်နေ့ညက တရားမဝင် မြန်မာအလုပ်သမား ၂၀ ဦးကို ဖမ်းဆီးနေစဉ်
Photo: Bangkok Post

ထိုင်းနိုင်ငံမှာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို တင်လာတဲ့ယာဉ်မတော်တဆမှုကြောင့် ၆ ဦးသေဆုံးပြီး ၁၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

မတ်လ ၁၅ ရက်နေ့အစောပိုင်းမှာ မွန်ပြည်နယ်နယ်စပ်ကနေ ထိုင်းနိုင်ငံ ပရကျွတ်ခရီခန်ခရိုင်ထဲက အဝေးပြေး လမ်းမပေါ်မှာ ယာဉ်တိုက်မှု ဖြစ်ပွားလို့၊ တရားမဝင် မြန်မာရွှေ့ပြောင်းလုပ်သား ၆ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာ ပြင်းထန်တယ်လို့ မတ်လ ၁၆ ရက်နေ့ထုတ် ဘန်ကောက်ပိုစ့်သတင်းမှာ ဖော်ပြထားပါတယ်။

ထိုင်းနိုင်ငံထဲ တရားမဝင် ဝင်လာတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို တင်ဆောင်လာတဲ့ ကား မတော် တဆမှုကြောင့် သေဆုံးတာတွေ မကြာခဏဖြစ်လာပြီး သူတို့ နစ်နာဆုံးရုံးမှုအတွက် လျော်ကြေးရဖို့လည်း မလွယ်ဘူးလို့ အလုပ်သမားရေးဆောင်ရွက်နေတဲ့ မြန်မာပြည်ပ အလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များ အဖွဲ့ချုပ် (MOEAF)က ဥပဒေအကြံပေးရှေ့နေ ဦးအောင်မျိုးသန့်ကပြောပါတယ်။

“ရနိုင်ဖို့ကတော့ သိပ်မလွယ်ဘူး။ ဒါပေမဲ့ ဘယ်လို ဖြစ်တယ်ဆိုတာတော့ မသိသေးဘူး။ တရားမဝင်တွေ ကတော့ ဝင်နေမှာပဲ။ MOU လုပ်ငန်းစဉ်ကလည်း အကောင်အထည်ဖော်မယ်ဆိုတာ ပြင်ဆင်နေတဲ့အချိန်မှာ သူတု့ိကတော့ ဝင်နေဦးမှာပဲ”

သူတို့ကို ခေါ်လာတဲ့ ကားမောင်းသမားကတော့ ထွက်ပြေးသွားတယ်လို့ ဆိုပါတယ်။

အခုလို ထိုင်းနိုင်ငံထဲ တရားမဝင် ဝင်လာလို့ ယာဉ်မတော်တဆမှုနဲ့ သေဆုံးမှုတွေမှာ သေဆုံးသူတွေဟာ ထိုင်းနိုင်ငံမှာ အလုပ်မလုပ်ရသေးတဲ့အတွက် နစ်နာကြေးမရနိုင်ပေမယ့် အစိုးရဆီက ဂရုဏာကြေးတော့ ရနိုင်တယ်လို့ အလုပ်သမားအရေးဆောင်ရွက်နေတဲ့ မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုးက ပြောပါတယ်။

“ဥပဒေမှာ အသက်ဖိုးလျော်ကြေးခံစားခွင့်မရှိဘူး။ သို့သော်လည်း အစိုးရကုန်းလမ်းပို့ဆောင်ရေး ဦးစီးဌာနက ပေးမယ့်၊ ပြောမယ်ဆိုရင် ကရုဏာကြေးမျိုးတော့ ရနိုင်မယ်။ အဲဒါကတော့ သက်ဆိုင်ရာ အလုပ်သမားသံအရာရှိ လိုက်ပေးရမယ်”

မတ်လ ၁ ရက်နေ့ကနေ ၁၆ ရက်နေ့ထိ တရားမဝင် ဝင်လာတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားပေါင်း ၁၀၆၀ ကျော်ကို ထိုင်းလုံခြုံရေးတပ်ဖွဲ့က ဖမ်းဆီးခဲ့တယ်လို့ ဦးမိုးကြိုးက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၀ ရက်နေ့ကလည်း၊ ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင် စိုင်ရိုမြို့နယ်ထဲမှာ တရားမဝင် မြန်မာ ရွှေ့ပြောင်းအလုပ်သမားတွေ တင်လာခဲ့ကား မတော်တဆမှုကြောင့် မြန်မာအလုပ်သမား ၅ ဦး သေဆုံးခဲ့ ပါတယ်။

အလားတူ ဖေဖော်ဝါရီလ ၁၉ ရက်နေ့ကလည်း မနော်ရမ်ခရိုင် ချိုင်နတ်မြို့နယ် အဝေးပြေးလမ်းမပေါ်မှာ တရားမဝင် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကိုတင်လာတဲ့ကားမတော်တဆမှုကြောင့် အမျိုးသမီး ၁ ဦးသေဆုံးခဲ့ပြီး ၁၇ ဦး ဒဏ်ရာရခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။