မြန်မာအပေါ် ILO အရေးယူမှု ရုပ်သိမ်း

မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုတွေအတွက် ကုလသမဂ္ဂ နိုင်ငံတကာ အလုပ်သမားအဖွဲ့ချုပ် ILO က မြန်မာအပေါ် ချမှတ်ထားတဲ့ အရေးယူမှုတွေ ကို ပြန်လည် ရုပ်သိမ်းလိုက်ပါတယ်။

2012.06.13

၂၀၁၅ ခုနှစ်ကျရင် မြန်မာနိုင်ငံမှာ အဓမ္မလုပ်အားယူခိုင်းစေမှု လုံးဝပပျောက်အောင် ဆောင်ရွက်မယ်လို့ မြန်မာအစိုးရက ပြီးခဲ့တဲ့ မတ်လက သဘောတူလက်မှတ်ရေးထိုး ခဲ့ပါတယ်။ အဲဒီနောက် ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာကျင်းပတဲ့ ILO ညီလာခံက မနေ့ ညနေ (၆) နာရီလောက်မှာ မဲခွဲဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

အဲဒါကြောင့် မြန်မာနိုင်ငံဟာ ILO ရဲ့ တင်းပြည့် ကြပ်ပြည့်အဖွဲ့ဝင်အဖြစ် အခွင့်အရေးတွေ ပြန်လည်ရရှိမှာ ဖြစ်ပါတယ်။ ၁၉၉၉ ခုနှစ် ILO ဆုံးဖြတ်ချက်အရ မြန်မာ အပေါ် နည်းပညာဆိုင်ရာ ပံ့ပိုးကူညီမှုတွေ ရပ်ဆိုင်းထားပြီး၊ ILO က ကျင်းပတဲ့ ညီလာခံ တချို့ကိုလည်း မြန်မာအနေနဲ့ တက်ရောက်ခွင့် မရှိပါဘူး။ အခုတော့ အကူ အညီတွေပြန်ရ မှာဖြစ်ပြီး ILO ညီလာခံတွေကိုလည်း တက်ရောက်နိုင်ပြီ ဖြစ်ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ILO ညွှန်ကြားရေးမှူးချုပ်ရဲ့ အထူးအကြံပေး မစ္စတာ Kari Tapiola က အာအက်ဖ်အေကို ပြောဆိုရာမှာ -

ဒါဟာ မြန်မာအစိုးရအတွက် အလွန်အရေးကြီးပါတယ်။ သတ်မှတ်ထားတဲ့ အချိန်အတွင်း မြန်မာနိုင်ငံမှာ အဓမ္မလုပ်အားယူ ခိုင်းစေမှု လုံး၀ ပပျောက်အောင်ဆောင်ရွက်ဖို့ လိုပါတယ်။ မြန်မာနိုင်ငံမှာ တိုးတက်တဲ့ အပြောင်းအလဲတွေ ပေါ်ပေါက်နေတာမို့ အစိုးရအနေနဲ့ ILO နဲ့အတူ ပူးပေါင်းဆောင်ရွက်မယ်လို့ မျှော်လင့်ကြောင်း ပြောဆိုခဲ့ပါ တယ်။

ILO ညီလာခံကို တက်ရောက်နေတဲ့ မြန်မာနိုင်ငံ လုပ်ငန်းရှင်များ ကိုယ်စားလှယ် ဒေါ်ခိုင်ခင်နွယ် ကလည်း -

"ကျွန်မတို့ကို ဒီ ၉၉ ပိတ်ပင်ထားတဲ့အထဲမှာ ဒီကျွန်မတို့ မြန်မာနိုင်ငံကိုပေါ့နော်။ technical assistance တွေမပေးရဘူး။ seminar တွေသူတို့ မခေါ်ဘူး။ symposium တက်ခွင့်မရှိဘူး ဆိုတဲ့ဟာတွေ၊ အကုန်လုံး ဒါတွေ ရုပ်သိမ်းပါတယ်ရှင့်။ အဲတော့ ကျွန်မတို့သည် အများနည်းတူပေါ့နော် တန်းတူအခွင့်အရေးတော့ ရလာပါပြီ။ ၈ ခု စလုံး ကို ရုပ်သိမ်းလိုက်တာကိုတော့ ပိုကြိုက်ပါတယ်။ သို့သော်လည်း ၈ ခုထဲက ၇ ခု လွတ်သွားတဲ့ အတွက်ကြောင့် ဒါမျှတတယ်လို့ ကျွန်မတို့ ယူဆပါတယ်။ နောက် ကျွန်မ တို့ နိုင်ငံတကာနဲ့ တန်းတူပေါ့နော်၊ Member တစ်ယောက်အနေနဲ့ အခွင့်အရေးရလာတဲ့အတွက် ကျွန်မတို့ အားရှိပါတယ်။ ကျွန်မတို့ မြန်မာနိုင်ငံ တစ်နိုင်ငံလုံးအနေနဲ့က ဒီလို technical assistance တွေရလာမယ်ဆိုရင် ကျွန်မတို့ အများကြီး တိုးတက်ဖို့ အခွင့်အလမ်းတွေရှိလာမယ်လို့ ကျွန်မယူဆပါတယ်"

ILO ညီလာခံမှာ ဒီကနေ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မိန့်ခွန်းပြောမှာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။