မြန်မာကို ICC တင်ဖို့ မဖြစ်နိုင်ကြောင်း ဦးဇော်ဌေး ပြော


2018.05.23
zawhtay-622.jpg နိုင်ငံတော် အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးကို ၂၀၁၈ ခုနှစ်၊ မေလ ၂၃ ရက်နေ့က ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ တွေ့ရစဉ်
Photo: Win Ko Ko Latt/ RFA

မြန်မာနိုင်ငံဟာ နိုင်ငံတကာ ရာဇဝတ်မှုခုံရုံး ICC အဖွဲ့ဝင်နိုင်ငံ မဟုတ်တဲ့အတွက် ခုံရုံးတင်ဖို့ မဖြစ်နိုင်ကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး က ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

နေပြည်တော် ပြန်ကြားရေးဝန်ကြီးဌာနရုံးမှာ နိုင်ငံတော် အတိုင်ပင်ခံရုံး၊ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန တာဝန်ရှိသူတွေက အစိုးရရဲ့ ဒုတိယတစ်နှစ်တာကာလအတွင်း ဆောင်ရွက်ချက်တွေကို ဒီနေ့ ရှင်းလင်းပွဲပြုလုပ်ရာမှာ ဦးဇော်ဌေးက ပြောခဲ့တာဖြစ်ပါတယ်။

နိုင်ငံတကာက ဘယ်လိုစွက်ဖက်မှုတွေပဲရှိရှိ သက်ဆိုင်ရာ အစိုးရကသာ အဓိကဖြစ်ကြောင်းနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ICC အဖွဲ့ဝင်ဖြစ်တဲ့အတွက် အဖွဲ့ဝင်မဟုတ်တဲ့ မြန်မာကို တရားစွဲဆိုဖို့ ဥပဒေလုပ်ထုံးလုပ်နည်း အသစ်အဆန်းတွေ ရှိလာရင် လက်မခံဘူးလို့ ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ကိစ္စတွေနဲ့ ပတ်သက်ပြီး မြန်မာ့တပ်မတော် ခေါင်းဆောင်တွေကို နိုင်ငံတကာ ရာဇဝတ်မှုခုံရုံး ICC တင်ဖို့ဆိုပြီး နိုင်ငံတကာက တိုက်တွန်းမှုအချို့ ရှိနေပါတယ်။

မကြာသေးခင်ကတော့ မြန်မာအစိုးရ ခေါင်းဆောင်တွေကိုပါ အဲဒီလိုတရားစွဲဖို့ဆိုပြီး ပြောဆိုလာတာတွေ ရှိလာပါတယ်။

လုံခြုံရေးအဖွဲ့တွေက ရခိုင်ပြည်နယ်က ထွက်ပြေးသူတွေအပေါ် ရာဇဝတ်မှုတွေ ကျူးလွန်တာတွေရှိရင် တစ်ဦးချင်းအလိုက် တိုင်ကြားနိုင်ကြောင်း အဲဒီလိုပြောတာဟာ နိုင်ငံတကာ ရာဇဝတ်ခုံရုံးကို ရှောင်လွဲှဖို့ မဟုတ်ကြောင်းလည်း ဦးဇော်ဌေးက ပြောပါတယ်။

ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ နိုင်ငံတော် အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက နိုင်ငံတကာ ရာဇဝတ်မှုခုံရုံး ICC ကိစ္စ၊ ငြိမ်းချမ်းရေးဆွေးနွေးမှု အခြေအနေ နဲ့ ရခိုင်ပြည်နယ်အရေးကိစ္စတွေကို ဖြေကြားခဲ့တာဖြစ်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရတာဝန်ယူပြီးနောက်ပိုင်း အစိုးရအဖွဲ့ရဲ့ လုပ်ငန်းဆောင်ရွက်ချက်တွေကို ဝန်ကြီးဌာနအလိုက် တစ်နှစ်တစ်ကြိမ် သတင်းစာရှင်းလင်းပွဲတွေ ပြုလုပ်နေတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။