တိုက်ပွဲရှိနေပေမယ့် ကုလားတန်စီမံကိန်း ဆက်လုပ်မယ်လို့ အိန္ဒိယသံအမတ်ပြော
2020.01.21
ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်ကနေ အိန္ဒိယနိုင်ငံကိုဆက်သွယ်မယ့် ကုလားတန်စီမံကိန်းကို အခက်အခဲတွေ ရှိပေမယ့် ပြီးဆုံးအောင်အကောင်အထည်ဖော်မယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး Shri. Saurabh Kuma က ပြောဆိုလိုက်ပါတယ်။
အိန္ဒိယနိုင်ငံက အကောင်အထည်ဖော်နေတဲ့ ကုလားတန်မြစ်ကြောင်း ဘက်စုံဖွံ့ဖြိုးရေးစီမံကိန်းမှာ စစ်တွေနဲ့ ပလက်ဝဆိပ်ကမ်းကို တည်ဆောက်ပြီးစီးနေပြီဖြစ်ပေမယ့် ပလက်ဝကနေ အိန္ဒိယနိုင်ငံ ဇိုရမ်ပူပြည်နယ်အထိ မော်တော်ကားလမ်းစီမံကိန်းကိုတော့ ဆောင်ရွက်နေဆဲဖြစ်ပါတယ်။
ကုလားတန်မြစ်ကြောင်းတလျှောက်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်းမှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် AA တို့ နှစ်ဘက်တိုက်ပွဲတွေ ပြင်းထန်နေတာပါ။
မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး Shri. Saurabh Kuma ကတော့ လုံခြုံရေးအခက်အခဲတွေရှိပေမယ့် မော်တော်ကားလမ်းစီမံကိန်းကိုတော့ အမြန်ဆုံးပြီးစီးအောင် အကောင်အထည်ဖော်မယ်လို့ ဒီနေ့ စစ်တွေမြို့မှာ သတင်းထောက်တွေကို စကားပြန်ကနေတဆင့် ပြောပါတယ်။
ကုလားတန်စီမံကိန်းမှာ စိန်ခေါ်မှုအခက်အခဲ အများအပြားကြုံတွေ့နေရပြီး ပလက်ဝ-ဇိုရမ်ပူ မော်တော်ကား လမ်းစီမံကိန်းမှာဆိုရင် လုံခြုံရေးအရ လုပ်ငန်းတွေနှောင့်နှေးကြန့်ကြာတာ၊ သွားရေးလာရေး အဆင်မပြေတာတွေ ရှိနေတယ်လို့ဆိုပါတယ်။
ဒါပေမဲ့လုပ်ငန်းတွေအတွက် ညှိနှိုင်းမှုတွေလုပ်ပြီး အကောင်းဆုံးဖြစ်အောင်ဆောင်ရွက်ဖို့ စီစဉ်နေတယ်လို့ သံအမတ်ကြီး ကပြောပါတယ်။
စီမံကိန်းနဲ့ပတ်သက်လို့ အိန္ဒိယနိုင်ငံအနေနဲ့ ရက္ခိုင့်တပ်တော် AA နဲ့ ညှိနှိုင်းတာတွေ လုပ်ဆောင်ဖို့ရှိသလားလို့ RFA ကမေးမြန်းရာမှာတော့ သံအမတ်ကြီးက တိတိကျကျတုံ့ပြန်ဖြေကြားခြင်းမရှိခဲ့ပါဘူး။
ရက္ခိုင့်တပ်တော် AA ရဲ့ပြောခွင့်ရသူ ဦးခိုင်သုခ ကတော့ အေအေအဖွဲ့အနေနဲ့ ဒီစီမံကိန်းကို ကန့်ကွက်စရာ အကြောင်းမရှိဘူးလို့ ပြောပါတယ်။
အိန္ဒိယအစိုးရအနေနဲ့ ကုလားတန်စီမံကိန်းမှာပါဝင်တဲ့ စစ်တွေဆိပ်ကမ်း၊ ပလက်ဝဆိပ်ကမ်းနဲ့ ပလက်ဝ-ဇိုရမ်ပူ ကားလမ်းစီမံကိန်းကို ပြီးခဲ့တဲ့ ၂၀၁၀ ခုနှစ်လောက်ကနေစပြီး အကောင်အထည်ဖော်နေတာဖြစ်ပါတယ်။
ပြီးစီးနေပြီဖြစ်တဲ့ စစ်တွေဆိပ်ကမ်းကိုတော့ မကြာခင် အိန္ဒိယကုမ္ပဏီတစ်ခုကို လွှဲပြောင်းပေးအပ်သွား မှာဖြစ်တယ်လို့ သံအမတ်ကြီး Shri. Saurabh Kuma ပြောပါတယ်။
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုကလည်း အိန္ဒိယနိုင်ငံက ရခိုင်ပြည်နယ်မှာ ရင်းနှီးမြှုပ်နှံမှုတွေလုပ်ဖို့ အစိုးရနဲ့သဘောတူထားတယ်လို့ဆိုပါတယ်။
ဘယ်လိုနေရာတွေမှာ ရင်းနှီးမြှုပ်နှံမယ်ဆိုတာကိုတော့ ဝန်ကြီးချုပ်ဦးညီပုက ပြောသွားတာမရှိပါဘူး။
အိန္ဒိယနိုင်ငံက ရခိုင်ပြည်နယ်က စစ်ဘေးဒုက္ခသည်တွေအတွက် အမေရိကန်ဒေါ်လာ နှစ်သိန်းသုံးသောင်းကျော် တန်ဖိုးရှိတဲ့ ဆန်အိတ် နှစ်သောင်းနဲ့ အခြားစားနပ်ရိက္ခာတွေ၊ တာပေါ်လင်စတွေကို ရခိုင်ပြည်နယ် အစိုးရအဖွဲ့ထံ စစ်တွေမြို့ အိန္ဒိယဆိပ်ကမ်းမှာ ဒီနေ့ လွှဲပြောင်းပေးခဲ့တာပါ။
အခုလိုမျိုးနောက်ထပ်လည်း ဆက်လက်ကူညီပံ့ပိုးသွားမယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီးက ပြောဆိုခဲ့ပါတယ်။