ဒေါ်အောင်ဆန်းစုကြည်ကို အိန္ဒိယသံအမတ်ကြီး ဖိတ်ကြားဆွေးနွေး

မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး V. S. Seshadri က ရန်ကုန်တိုင်း ဒဂုံမြို့နယ် သံတမန်လမ်းမှာ ရှိတဲ့ သူရဲ့နေအိမ်ကို ဖိတ်ကြားပြီး တွေ့ဆုံ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

2010-12-08
Share
election_demo_india_305_Z.jpg ၁၉၉၀ အထွေထွေ ရွေးကောက်ပွဲကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က အပြတ်အသတ် အနိုင်ရရှိသော နှစ် ၂၀ မြောက် အထိမ်းအမှတ်အဖြစ် မေလ ၂၇ ရက်နေ့က အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တွင် စစ်အစိုးရ၏ ၂၀၁၀ ရွေးကောက်ပွဲကို ကန့်ကွက်ဆန္ဒပြနေပုံ ဖြစ်ပါသည်။ (Photo: AFP)
(Photo: AFP)

ဒီလို တွေ့ဆုံတာနဲ့ ပတ်သက်လို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပြန်ကြားရေးကော်မတီဝင် ဦးအုန်းကြိုင်က RFA ကို အခုလိုပြောပါတယ်။

“ဒီနေ့ အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်က ရန်ကုန်မြို့မှာ ရှိတဲ့ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယ သံအမတ်ကြီးရဲ့ ဖိတ်ကြားချက်အရ သွားရောက်ပြီးတော့ တွေ့ဆုံ ဆွေးနွေးပါတယ်။ သံအမတ်ကြီးနဲ့ ဆွေးနွေးချက် အသေးစိတ်ကို ကျွန်တော်တို့ မထုတ်ပြန်နိုင်သေးပါဘူးခင်ဗျာ။ မသိရသေးပါဘူး။ အဲဒီနောက်ပိုင်း အခုတော့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မက်ဒလင်း အောလ်ဘရိုက်က တယ်လီဖုန်းဆက်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ဖို့ ပြောပါတယ်။ ကျွန်တော်တို့ ဖုန်းပြောနေတုန်းပါခင်ဗျ။ မက်ဒလင်း အောလ်ဘရိုက်နဲ့ ဆက်သွယ်ပြောဆိုနေတုန်းပဲ ရှိပါတယ်။ အဲဒါလည်း ဘာတွေ ပြောဆိုတယ်ဆိုတာ ကျွန်တော်တို့ မသိရသေးပါဘူး။”

အခုလို ဒေါ်အောင်ဆန်းစုကြည်ကို အိန္ဒိယသံအမတ်ကြီးက ဖိတ်ကြားတွေ့ဆုံတာဟာ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံရဲ့ မူဝါဒတွေနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဝေဖန်ချက်တွေ ထွက်ပေါ်ခဲ့ပြီးချိန်နဲ့လည်း တိုက်ဆိုင်နေပါတယ်။ အိန္ဒိိယအစိုးရအနေနဲ့ မြန်မာစစ်အစိုးရနဲ့ ဆက်ဆံသလို ဒီမိုကရေစီရေး ဆောင်ရွက်နေသူတွေကိုလည်း ထောက်ခံအားပေးဖို့ ဒေါ်အောင်ဆန်းစုကြည်က ပြီးခဲ့တဲ့ ရက်ပိုင်းက တိုက်တွန်းခဲ့ပါတယ်။

အိန္ဒိယနိုင်ငံရဲ့ မြန်မာပြည်ဆိုင်ရာ သဘောထားတွေပေါ် NLD ပါတီက ဘယ်လို ရှုမြင်တယ် ဆိုတာကိုတော့ ဦးအုန်းကြိုင်က ခုလို ထပ်ပြောပါတယ်။

“တကယ်တော့ဗျာ၊ အိန္ဒိယနိုင်ငံဆိုတာ ဟိုး လွတ်လပ်ရေးအကြိုခေတ်ကတည်းက လွတ်လပ်ရေး တိုက်ပွဲတွေမှာလည်း အတော် တရင်းတနှီးပေါ့ဗျာ၊ ဆက်ဆံခဲ့တဲ့ နိုင်ငံဖြစ်ပါတယ်။ အကျိုးတူ ဆောင်ရွက်ခဲ့တဲ့ နိုင်ငံဖြစ်ပါတယ်။ ပြီးတော့လည်း မစ္စတာ နေရူးတို့၊ အိန္ဒိယနိုင်ငံရဲ့ ဝန်ကြီးချုပ် မစ္စတာ နေရူးတို့ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ် အောင်ဆန်းတို့ ဆိုတာလည်း တကဲ့ကို အလွန်ရင်းနှီးတဲ့ မိတ်ဆွေတွေလို့ ကျွန်တော်တို့ သမိုင်းမှာ ရှာတွေ့ရပါတယ်။ အဲတော့ကာ အိန္ဒိယနိုင်ငံနဲ့ ကျွန်တော်တို့ဟာ အိမ်နီးချင်းကောင်းတွေ ဖြစ်ပါတယ်။ ဆက်လက်ပြီးတော့ ကျွန်တော်တို့ကတော့ မြန်မာနိုင်ငံ ဒီမိုကရေစီရေးမှာ အိန္ဒိယနိုင်ငံက အခုထက် ပိုပြီးတော့ တက်တက်ကြွကြွပေါ့ဗျာ ကူညီလိမ့်မယ်လို့ ကျွန်တော်တို့ကတော့ မျှော်လင့်နေတာပါပဲ။”

ဒီကနေ့ ညနေပိုင်းမှာပဲ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဟောင်း Madeleine Albright ကလည်း တယ်လီဖုန်းနဲ့ ဆက်သွယ် စကားပြောဆိုခဲ့တယ်လို့ NLD ပြန်ကြားရေးတာဝန်ခံ ဦးအုန်းကြိုင်က RFA ကို ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့