အင်ဒိုနီးရှား မြန်မာသံရုံးဗုံးခွဲဖို့ ဦးဆောင်ခဲ့သူကို စတင်စစ်ဆေး


2013.11.13

ပြီးခဲ့တဲ့ မေလက အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့မှာရှိတဲ့ မြန်မာသံရုံးကို ဗုံးခွဲဖို့ ကြံစည်အားထုတ်ခဲ့တဲ့အဖွဲ့ရဲ့ ခေါင်းဆောင်ဖြစ်သူကို မနေ့က တရားရုံးမှာ စစ်ဆေးကြားနာခဲ့ပါတယ်။

အသက် ၂၃ နှစ်အရွယ် ဆီဂျစ် အင်ဒရာဂျစ် ဆိုသူဟာ ဒီအမှုနဲ့ ပတ်သက်ပြီး အခုသီတင်းပတ်အတွင်း လေးဦးမြောက် ရုံးတင်စစ်ဆေးခံရသူဖြစ်ပါတယ်။

အင်ဒရာဂျစ်ဟာ ဦးဆုံးပထမ မြန်မာနိုင်ငံမှာ သတ်ဖြတ်ခံခဲ့ရတဲ့ ရိုဟင်ဂျာတွေအတွက် လက်စားချေဖို့လိုကြောင်း အင်တာနက် Facebook ကတဆင့် ရေးသားခဲ့ပြီး၊ အစွန်းရောက် အစ္စလာမ်ဝါဒီကြံရာပါတွေနဲ့ Facebook မှာ တွေ့ဆုံခဲ့ပါတယ်။

အဲဒီနောက် ပြီးခဲ့တဲ့ ဧပြီလမှာ ကြံရာပါတွေကို သူ့အိမ်ကို ဖိတ်ကြားခဲ့ပြီး၊ မြန်မာသံရုံးကို တိုက်ခိုက်ဖောက်ခွဲရေးအစီအစဉ်ကို ရေးဆွဲခဲ့ပါတယ်။ တိုက်ခိုက်မယ့်နေ့မရောက်ခင် နှစ်ရက်အလိုမှာ အလွယ်တကူရရှိနိုင်တဲ့ ဓာတုပစ္စည်းတွေနဲ့ ဗုံးတွေလုပ်ခဲ့ကြပါတယ်။

အဲဒီနောက် ဗုံးမခွဲခင်ညမှာ ဦးဆောင်သူ အင်ဒရာဂျစ်နဲ့ အဖွဲ့ဝင်တစ်ယောက်တို့ဟာ ဗုံးတွေသယ်ဆောင်လာမယ့် မော်တော်ဆိုင်ကယ်ကို မြန်မာသံရုံးအနီးကနေ စောင်းဆိုင်းနေကြစဉ်အတွင်း ရဲတပ်ဖွဲ့က ပထမဆုံးရောက်ရှိလာပြီး သူတို့နှစ်ယောက်ကို ဖမ်းဆီးခဲ့ပါတယ်။

ဒါပေမဲ့ အင်ဒရာဂျစ် လွတ်မြောက်သွားခဲ့ပြီး၊ ဆုမာတြားကျွန်းအနောက်ပိုင်း လမ်ပန်ပြည်နယ်ကို တိမ်းရှောင်သွားခဲ့ပါတယ်။ ဒါပေမယ့် ဂျာကာတာကို ပြန်ဝင်ဖို့ကြိုးစားခဲ့ရာမှာ မေလ ၂၂ ရက်နေ့က ဂျာကာတာဆိပ်ကမ်းမှာဖမ်းမိခဲ့တယ်လို့ အစိုးရရှေ့နေက ပြောပါတယ်။

မြန်မာသံရုံးကို ဗုံးခွဲဖို့ ကြံစည်ခဲ့သူ အင်ဒရာဂျစ်ဟာ ပြစ်မှုထင်ရှားကြောင်း တရားရုံးကဆုံးဖြတ်ရင် သေဒဏ်ကျခံရဖွယ်ရှိပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။